ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်၊ မကျီးစင်အုပ်စု၊ ဂျိုင်လယ်ကျေးရွာကမ်းစပ်မှာ ပေ ၄၀ ခန့် အရှည်ရှိတဲ့ ရှားပါးမျိုးစိတ်ဝင် ဝေလငါးမန်းတကောင် သောင်တင်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ သောင်တင်သေဆုံးနေတဲ့ ရှားပါးငါးမျိုးစိတ်ဝင် ဝေလငါးမန်းကို ဂျိုင်လယ်ကျေးရွာ ကမ်းစပ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်က ဒေသခံ ရေလုပ်သားတွေ စတင်တွေ့ရှိတာဖြစ်ပြီး အရှည် ပေ ၄၀ ခန့်အထိ ရှိတယ်လို့ သိရပါတယ်။
ဒေသခံ ရေလုပ်သားတယောက်က “သေဆုံးနေတာကိုတွေ့တာ၊ ပုပ်ပြီး ပေါက်ထွက်သွားပြီ။ ကျောက်ဆောင်တွေနဲ့ထိပြီး ပေါက်သွားတာ။ သေပြီးမှ တွေ့တာဆိုတော့ ဘာကြောင့်သေသွားသလဲဆိုတာ ပြောရခက်တယ်။ သက်ဆိုင်ရာကို အကြောင်းကြားခဲ့လို့ လာစစ်ဆေးသွားတယ်” လို့ ပြောပါတယ်။
အဲဒီ ဝေလငါးသားပေါက်ကို ကျေးရွာဒေသခံတွေ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရွှေသောင်ယံကမ်းခြေဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တို့က ပုပ်ပွသွားပြီး ဘေးမဖြစ်အောင် ရေအတက်အကျနည်းတဲ့ သဲပြင်မှာ မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
“ဝေလငါးတွေက တကယ်လို့ သေဆုံးပြီး ရက်အနည်းငယ်ကြာဆို ပုပ်ပွကာ ကိုယ်ခန္ဓာ ပေါက်ကွဲထွက်လေ့ရှိတယ်။ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာ မသိရပေမဲ့ ငါးလုပ်ငန်း ဦးစီးဌာနကတော့ အဲ့ဒီ ဝေလငါးဟာ ကျောက်ဆောင်တွေနဲ့ ပွတ်တိုက်မိတာတွေဖြစ်ပြီး အခုလို သေဆုံးတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု ပြောတာတော့ရှိတယ်” လို့ နောက်ထပ် ဒေသခံ ရေလုပ်သားတယောက်က ပြောပါတယ်။
ဝေလငါးဟာ ကမ္ဘာပေါ်မှာ ရေနေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး နိုင်ငံတကာမှာလည်း ဝေလငါးတွေကို မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ်ကနေ ထိန်းသိမ်းမှုတွေ လုပ်လာနေကြတဲ့အတွက် အခုတွေ့ရှိတဲ့ ဝေလငါးအရိုးတွေကိုလည်း ပြတိုက်တွေမှာ ခင်းကျင်းပြသထားလို့ ရတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ရွှေသောင်ယံမြို့၊ ဂျိုင်လယ်ကျေးရွာ ကမ်းခြေမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ဝေလငါးတကောင် သောင်တင်ပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ချောင်းသာမြို့ ချောင်းသာကမ်းခြေမှာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၀ ရက်ကလည်း ရှားပါး ငါးမျိုးစိတ်ဝင် အရှည် ၁၀ ကျော်ရှိတဲ့ ဝေလငါးတကောင် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ကလည်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ ကမ်းခြေမှာ အရှည် ၁၇ ပေရှိတဲ့ ဝေလငါးမန်းတကောင် သောင်တင်ပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။