စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရဲ့ မြောက်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မနက်မှာ တိုက်မိုင်းမိပြီး စစ်သား ၂ ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။
အဆိုပါတိုက်မိုင်းတွေကို ပြည်သူကာကွယ်ရေးဘက်က ကြိုတင်ပြင်ဆင် ထောင်ထားတာဖြစ်ပြီး မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းရှေ့ဆက်မထိုးဘဲ ဘုတလင်မြို့ထဲ ပြန်ဝင်သွားတယ်လို့ ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ခါတိုင်းကတော့ တရွာဝင် တရွာထွက် လုပ်ပြီး မိုင်းရှင်းလင်းလုပ်တဲ့ အဖွဲ့ဗျ။ ဒီတစ်ခါတော့ အလစ်အငိုက်မိသွားတယ်လို့ ပြောရမှာပဲဗျ။ မိုင်းက ၃ လုံးပူး တိုက်မိုင်းမိသွားတာ။ သေတာ ၂ ယောက်၊ ဒဏ်ရာပြင်းထန် ၂ ယောက်နဲ့ ပေါက်ပြဲဒဏ်ရာရသူတွေ များတယ်လို့ ဖရဲသီးစီကနေ သိထားရတယ်။ သေတဲ့ အလောင်း ၂ လောင်းကတော့ ဘုတလင် ဘော်လုံးကွင်းထဲမှာထားပြီး နေ့ခင်း ၂ နာရီမှာ မြေမြှုပ်သင်္ဂြိုဟ်မယ်လို့လည်းသိထားရတယ်။”
ဒေသခံရွာသားတဦးက “တိုက်မိုင်းမိတဲ့ နေရာက ကနီ-ကနဲ-ဘုတလင်ကားလမ်းဘေးက မင်းကျော်ခေါင် ပန့်ဆီဆိုင်နဲ့ ထန်းတောရွာကြားမှာ မိသွားတာ။ မိုင်းပေါက်ကွဲတာက ၅ နာရီ နီးပါးအချိန်က ပေါက်တာ။ အဲလိုပေါက်ကွဲပြီး ဒဏ်ရာရတဲ့သူတွေကို အထမ်းတွေနဲ့ ထမ်းသွားတာတွေလည်း မြင်လိုက်ရတယ်။ တွဲခေါ်တာတွေလည်း မြင်လိုက်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်း အခုလို စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းဝင် ရောက်မီးရှို့တာ တွေလည်း ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဖေဖော်ဝါရီလအတွင်း ဘုတလင်မြို့နယ်အတွင်းက ကွမ်းခြံရွာ၊ မြို့ပေါ်ရွာ၊ ဇီးတောရွာတွေကို စစ်ကောင်စီတတပ်က မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။