မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးဒေသခံ အမျိုးသားတဦးကို ဖေဖော်ဝါရီ ၁၈ ရက် ညမှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေနဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ကြားမှာရှိတဲ့ ကျိုက်ဆီယိုရွာနေ အသက် ၅၀ အရွယ် ဦးအောင်နိုင်ဝင်းဟာ ဖေဖော်ဝါရီ ၁၈ ရက် ည ၁၀ နာရီကျော်က ရွာနားလမ်းလျှောက်နေစဉ် စစ်ကောင်စီတပ်သားတွေက စစ်ဆေးဖို့ လှမ်းခေါ်တာကို ကြောက်လန့်ပြီး ထွက်ပြေးရာမှ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံခဲ့ရတယ်လို့ ကျိုက်ထီးရိုးဒေသခံတဦးက ပြောပါတယ်။
“ရွာနားမှာ ညဘက် လမ်းလျှောက်နေတဲ့အချိန် ဘုရားပေါ်က ကင်းလှည့်လာတဲ့ စစ်သားနဲ့ ပြည်သူ့စစ်တွေက သူ့ကိုလှမ်းခေါ်တာကို ကြောက်ပြီး ထွက်ပြေးရင်း ပစ်ဖမ်းခံလိုက်ရတာ။ ကျနော်တို့ကြားတာက ဒဏ်ရာက တော်တော်စိုးရိမ်ရတယ်တဲ့။ စစ်တပ်က ကိုအောင်နိုင်ဝင်းကို ကျိုက်ထိုကို ခေါ်သွားလိုက်တော့ ကျန်တာ သေချာမသိတော့ဘူး။ အခု တရားစွဲထားတယ်လို့ကြားတယ်။”
သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဦးအောင်နိုင်ဝင်းဟာ ကျိုက်ထိုပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။
ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းကျေးရွာမှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်နေ့ကလည်း ကျိုက်ထီးရိုးဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က PDF လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။