ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ သံချောင်းတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဥ်တစီး ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့ရာ တယောက် သေဆုံးပြီး နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မေတ္တာစွမ်းရည် လူမှုကူညီရေးအသင်းက သိရပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီး(အပိုင်း ၁)၊ အမှတ် ၂ လမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က နောက်တွဲကုန်တင်ကားတစီး ဘရိတ်ပေါက်ပြီး စက်ဘီးစီးလာသူ ၂ ဦးကို ဝင်တိုက်မိခဲ့တာလို့ မေတ္တာစွမ်းရည် လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
“ကားက ဘရိတ်ပေါက်ပြီးတော့ စက်ဘီးကိုဝင်တိုက်ပြီး မြောင်းထဲထိုးကျတာ။ ကုန်တင်ယာဥ်မောင်းက ကားခေါင်းထဲညပ်ပြီး သေဆုံးပါတယ်။ စက်ဘီးစီးလာတဲ့ အမျိုးသားတဦး ခြေထောက်ကျိုးပြီး နောက်ကတင်လာတဲ့ အမျိုးသမီးက စိုးရိမ်ရတဲ့ အနေအထားပါ။”
ယာဥ်တိုက်မှုကြောင့် စက်ဘီးစီးလာတဲ့ အမျိုးသားမှာ ပေါင်ကျိုး၊ နံရိုးကျိုးဒဏ်ရာနဲ့ အမျိုးသမီးမှာ နဖူးလန်ကာ မျက်ခုံးတဖက်ပြတ် ဒဏ်ရာတွေကြောင့် မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
photo - မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်း