စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်က မြောင်နဲ့ ရေစကြိုမြို့နယ်အတွင်း ကျေးရွာတွေကို နိုဝင်ဘာ ၁၃ ရက် မနက် ၉ နာရီခွဲကစပြီး စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေယာဉ်နဲ့ပစ်ခတ်လို့ မြောင်မြို့နယ် ငါရံအိုကျေးရွာနေသူ တယောက် လက်နက်ကြီးအစ ထိမှန် ဒဏ်ရာရသွားတာကြောင့် ဆေးကုသပေးနေတယ်လို့ မြောင်ဒေသခံပြည်သူကာကွယ်ရေး ဗိုလ်တောက်ထွန်း က ပြောပါတယ်။
“လေယာဉ်နဲ့ ပစ်တာက ရေစကြိုမြိုနယ်ဘက်က ရွှေလှန်ကျေးရွာ ပတ်ပတ်လည်ကို ပစ်တာ။ ကျနော်တို့ မြို့နယ်ဘက်က ရွာတွေလည်း ပါတယ်။ ဗုံးချတဲ့ အသံတွေလည်း ကြားရတယ်။ လေယာဉ်ပေါ်ကနေ စက်လက်နတ်တွေလည်း ပစ်၊ ဗုံးလည်း ချ။ အထိအခိုက်ကတော့ လောလော ဆယ်တော့ လေယာဉ်ပေါ်ကနေပစ်လို့ တဦးတော့ ထိတယ်။”
နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ် မြစ်စုံရွာကို မီးရှို့ခဲ့ပြီးနောက် ညတွင်းချင်း ရေစကြိုမြို့နယ် ရွှေလှန်ရွာကို စစ်ကြောင်းထိုးကာ မီးရှို့ခဲ့ပြီး ဒီမနက် ရွာက အထွက် ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ မုံရွာ နမခက လေကြောင်းကနေ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်တောက်ထွန်းက ပြောပါတယ်။
စစ်ကောင်စီနဲ့ မြေပြင်စစ်ပွဲမှာ စစ်ကောင်စီဘက်က ၅ ယောက်ထက် မနည်းကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောဆိုပေမဲ့ သီးခြားတော့ အတည်မပြုနိုင်ပါဘူ။
စစ်ကောင်စီတပ်ကတော့ အခုအချိန်အထိ ရွှေလှန်ကျေးရွာထဲကမထွက်သေးဘဲ ဆက်လက် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။