တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးကျေးရွာအနီး ကလောကွက်ဆိုတဲ့နေရာမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတဲ့ ဆီအုန်းကုမ္ပဏီ အလုပ်သမားတဦးအား ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို နိုဝင်ဘာ ၉ ရက်က တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ ယုဇနဆီအုန်းကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၇ နှစ်ရှိ ဝါးချောင်းကျေးရွာသား ကိုဟိန်းမင်းကျော်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ဒေသခံတဦးကတော့ "သူ့ကို စစ်တပ်က ကားပေါ်တင်ပြီး ဖမ်းသွားတာ သူ့ဆွေမျိုးတွေ ကိုယ်တိုင်တွေ့တယ်။ ကားပေါ်ကနေ သူ့သူငယ်ချင်းတွေကိုလည်း လက်ပြခဲ့သေးတယ်။ စစ်တပ်က အလောင်းကို သူတို့ပဲ လာပစ်ထားပြီး သူတို့ပဲ လာကောက်တာ။ ပြီးရင် PDF က သတ်တဲ့ပုံစံနဲ့ သူ့မိသားစုကို ပြောတာ" လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် တပ်ရင်း ၁ ကတော့ စစ်တပ်က သေဆုံးသူရဲ့ ရုပ်အလောင်းနီးမှာ PDF တပ်ဖွဲ့ဝင်တွေ အသုံးပြုလေ့ရှိတဲ့ ကိုးလုံးကျည် ကျည်ဆန်အခွံ တခု တွေ့ရကြောင်း မဟုတ်မမှန်သတင်းလွှင့်ပြီး ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား သွေးကွဲအောင်လုပ်နေတယ်လို့ နိုဝင်ဘာ ၁၁ ရက်က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဝါးချောင်းကျေးရွာ သင်္ချိုင်းမှာ မီးရှို့သင်္ဂြိုဟ်ခဲ့ပြီး ဖမ်းဆီးခံရစဥ် ကိုဟိန်းမင်းကျော်နဲ့အတူ ပါသွားတဲ့ ဖုန်းနှစ်လုံး၊ ရွှေလက်စွပ်တကွင်းနဲ့ ပိုက်ဆံတချို့ကို စစ်ကောင်စီတပ်သားတွေ ယူသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"သူက ရွာထိပ်မှာ ဖုန်းထိုင်ကြည့်နေတုန်း စစ်တပ်ကားနဲ့ တွေ့လို့ ဖမ်းခံရတာ။ အဲဒီနေ့က တိုက်ပွဲလည်းဖြစ်ထားတော့ မသင်္ကာလို့ ဖမ်းသွားတာဖြစ်မယ်။"
ကိုဟိန်းမင်းကျော်ကို ဖမ်းဆီးသွားတဲ့ နိုဝင်ဘာ ၅ ရက်နေ့ ၂ နာရီခွဲလောက်မှာတော့ ဘိုဒါးကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။