စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီး၊ စီးပွါးရေးဘဏ်အရှေ့မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ နိုဝင်ဘေ ၁၂ ရက် မနက် ၁၁ နာရီခွဲလောက်က သေနတ်၊ ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
စီးပွားရေးဘဏ်အရှေ့မှာ တောင်ဘက်၊ မြောက်ဘက် ဆောက်ထားသော ဘန်ကာနှစ်ခုရှိတဲ့အနက် တောင်ဘက်ဘန်ကာရှိ စစ်ကောင်စီတပ်သား တဦးကို ၈ ပေလောက်အကွာကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားမှာ ဦးခေါင်းထိပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် မြောက်ဘက် ဘန်ကာကနေ သေနတ်မောင်းတင်ကာ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာကိုလည်း ဗုံးနဲ့ ပစ်ပေါက်ရာ ထိခိုက်ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နဲ့ M.T Black Dragon People Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။