စစ်ဘေးကြောင့် တိမ်းရှောင်နေကြရသူတွေကို ကူညီနိုင်ရန် လူသားချင်းစာနာကူညီမှု ရန်ပုံငွေရရှိရေး ထိုင်းနိုင်ငံရောက် တနင်္သာရီတိုင်းကလူငယ်တွေ ရန်ပုံငွေ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပမယ်လို့ ဘောလုံးပြိုင်ပွဲစီစဥ်နေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက်တနင်္သာရီတိုင်း တိုင်းလူငယ်ကွန်ရက်က ဦးဆောင်ကျင်းပမယ့် အဲဒီပြိုင်ပွဲကို ထိုင်းနိုင်ငံ စူလတ်မြို့က ဘန်းတော် PPK ဘောလုံးကွင်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ ပြုလုပ်သွားမှာပါ။
ပြိုင်ပွဲကို ဦးဆောင်ပြုလုပ်ပေးမယ့် ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း တိုင်းလူငယ် ကွန်ရက်တာဝန်ခံ ကိုခန့်ကတော့ အဲဒီပြိုင်ပွဲကနေ ရလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်နဲ့ လူသားချင်းစာနာထောက်ထားမှုကူညီရေးလုပ်ငန်းတွေအတွက် အဓိက အသုံးပြုမယ်လို့ ဆိုပါတယ်။
"ပြိုင်ပွဲကိုတော့ စည်စည်ကားကားလေးဖြစ်အောင် ဖျော်ဖြေရေးတွေနဲ့ပါ လုပ်နိုင်ဖို့ ကြိုးစား နေတယ်။ ဒီမှာပြီးရင် ဖူးခက်၊ ရနောင်းတို့မှာ ထပ်လုပ်ဖို့လည်းရှိတယ်၊ အခြားမြို့တွေမှာလည်း အခုလိုပြိုင်ပွဲတွေထပ်လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။ ထိုင်းရောက်နေတဲ့ တနင်္သာရီတိုင်းက လူငယ်တွေ ပိုပြီးစည်းစည်းလုံးလုံးဖြစ်အောင်လည်း ရည်ရွယ်ထားတယ်။"
အဲဒီပြိုင်ပွဲမှာပါဝင်မယ့် ပြိုင်ပွဲဝင်အသင်းတသင်းမှာ ပြိုင်ပွဲဝင် ၁၅ ဦးအထိ ပါဝင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေးကတော့ တသင်းကို ဘတ် ၄၀၀၀ စီ ထည့်ဝင်ကြရမှာပါ။
ပြိုင်ပွဲဝင်အသင်းပေါင်း ၃၀ နဲ့ တဖက်ကစားသမား ၇ ဦးစီ ယှဥ်ပြိုင်ကစားကြမယ့် အဲဒီဘောလုံး ပြိုင်ပွဲမှာပါ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတ္ထုဆု ဆုဖလားတွေအပြင် ဂိုးသမားအကောင်းဆု၊ ဂိုးသွင်းအများဆုံးဆုနဲ့ ပွဲစဥ်တလျှောက် အကောင်းဆုံးကစားသမားဆုတွေကိုလည်း ချီးမြှင့်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရောက် တနင်္သာရီတိုင်းထဲက လူငယ်တွေအပြင် အခြားဒေသက လူငယ်တွေလည်း စာရင်းပေး ပါဝင်ယှဥ်ပြိုင်ကြဖို့ တာဝန်ရှိသူတွေက ဖိတ်ခေါ်ထားပါတယ်။
နိုဝင်ဘာ ၆ ရက်ကလည်း ထိုင်းနိုင်ငံ၊ စူလတ်မြို့မှာ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပတဲ့ တော်လှန်လောင်းလုံး ရန်ပုံငွေဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၂၈ သင်းနဲ့ ကစားသမားဦးရေ ၄၀၀ ကျော် ပါဝင်ယှဥ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။