ကချင်ပြည်နယ်၊ မိုးမောက်မြို့ပေါ်၊ ခါနန်ရပ်ကွက်ရှိ အထက်တန်းကျောင်းအနီးမှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မြို့ပေါ်မှာ နှစ်ဖက် အပြန်အလှန်ပစ်နေကြတာ၊ ဗုံးကွဲသံ ၃ ချက် အရင်ကြားတယ်။ အဲ့နောက် နှစ်ဖက် စပစ်ကြတော့တာပဲ။ စစ်သားတွေက စာသင်ကျောင်းအနီး လျှောက်သွားနေတာကို ပစ်လိုက်တာနေမှာ။ မြို့ထဲမှာဆိုတော့ ပြည်သူတွေ ပြေးပုန်းနေကြပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အထက်တန်းကျောင်းအနီး လှည့်ပတ်သွားလာနေတုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတာလို့ မြို့ခံအမျိုးသားတဦးက ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးရှိ မြို့ခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။