ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်ညက ကျေးရွာသား ၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်သွားပြီး လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာသားတွေကပြောပါတယ်။
လက်ရှိ သတ်ဖြတ်ခံရပြီး အလောင်းတွေ့ရသူတွေကတော့ ဦးမောင်မောင်သိန်း၊ ဦးမောင်စံလှ၊ ဦးခင်မောင်၊ ဦးမောင်ကျော်သိန်း၊ ဦးစံ၊ ဒေါ်ယိုင်ညွှန်ဖြူ (၈၀နှစ်)နဲ့ ဆေးဆရာတစ်ဦးတို့ဖြစ်ပြီး နေအိမ် ၇ လုံးကိုလည်း မီးရှို့ခဲ့တာဖြစ်ပါတယ်။
ကျေးရွာသားတစ်ဦးက “အခုကျနော်တို့ တွေ့ထားတာက အလောင်း ၇ လောင်းရှိနေပြီး။ ရွာထဲမှာလည်း ထပ်ရှိနိုင်သေးတယ်။ စစ်သားတွေက ရှိနေတော့ ဝင်လို့မရသေးဘူး။ နောက်ထပ် ၁၁ ဦးလောက်လည်း အဆက်အသွယ် မရဘဲပျောက်နေတယ်။ အိမ်လည်း ၇ ဆောင်လောက် မီးရှို့သွားတယ်။ လောလောဆယ်တော့ ဒါပဲ သိရသေးတယ်"လို့ပြောပါတယ်။
ဆင်အင်းကြီးကျေးရွာကို မနေ့ ညနေပိုင်း ၅ နာရီလောက်ကတည်းက စစ်ကောင်စီတပ်သားတွေက မီးရှို့နေတာဖြစ်ပြီး ရွာထဲမှာ အသက်ကြီးပိုင်းတွေသာ ကျန်ခဲ့ကာ အခုသတ်ဖြတ်ခံရသူတွေဟာလည်း အသက်ကြီးပိုင်တွေသာဖြစ်ပါတယ်။
ဆင်အင်းကြီးရွာသားတယောက်က ‘ဆင်အင်းကြီးကျေးရွာကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်(...)အင်အား ၂၀ လောက်ဝင်ရောက်မီးရှို့ပြီး နောက်ထပ် စစ်(...) ၂၀ လောက်ထပ်မံရောက်ရှိကာ ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြတယ်”လို့ ပြောပါတယ်။
မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ရိက္ခာတင်ယာဥ် ၃ စီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဥ်၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဆင်အင်းကြီးဒေသခံ တယောက်က “ကျနော်တတို့ရွာဘက်တွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်လို့ ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံပုန်းအောင်းနေကြရတယ်။ သူတို့ စစ်ကောင်စီတပ်သားတွေက ရွာထဲမှာ မီးရှို့ ဖျက်ဆီးနေကြတာ။ ရဟတ်ယာဥ်ကတော့ ခလရ ၂၀ ဘက်ကိုပြန်သွားပြီ။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ကာ တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ၂ ကြိမ် ၃ နာရီလောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အိုင်ဒင်(ရွာသစ်)က အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်စိုးဝင်းဦးမှာ ဘယ်ဘက်ပေါင်ရင်းထိမှန်ဒဏ်ရာရခဲ့သလို အသက် ၅၆ နှစ်အရွယ် ဒေါ်မနုချေမှာ ခါးဆစ်နောက်ဘက်မှာ ဒဏ်ရာရသွားပါတယ်။
ဒါ့အပြင် ငှက်ကြီးကျွန်းရွာက အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ခင်မောင်ထွန်း ဘယ်ဘက်ဒူးခေါင်းမှာ ဒဏ်ရာရပြီး ယာချောင်းရွာက အသက် ၆၆ နှစ်အရွယ် ဦးဦးစောရဲ့ ညာဖက်ဒူးဆစ်အထက်မှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ် အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ပိုင်းမှာ ရက္ခိုင့်တပ်တော် AA က ရွက်ညိုးတောင်နားမှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အခင်းဖြစ်ပွားတဲ့ ဆင်အင်းကြီးကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာတွေက ရွာသူရွာသားတွေ ထောင်နဲ့ချီ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။