မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကြက်သွန်နီ ၁ ပိဿာ ကျပ် ၅,၀၀၀ အထိ စံချိန်တင် စျေးတက်သွားခဲ့တယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
အိမ်ရှင်မတယောက်က “အခု ကြက်သွန်နီစျေးက ၁ ပိဿာ ကျပ် ၅,၀၀၀ အထိ ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့ ကျပ် ၃,၀၀၀ ကျော်ကနေ အခု တကျော့ပြန်တက်တာ။ ဒါက အမြင့်ဆုံးစျေးနဲ့ဆို ခါတိုင်းလို မဝယ်စားနိုင်ဘူးလေ” လို့ ပြောပါတယ်။
သာမန်လက်လုပ်လက်စားအိမ်ရှင်မတယောက်ကလည်း “အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဟင်းသီးဟင်းရွက်၊ သားငါးတွေက အစ စျေးတွေကြီးမြင့်လာတော့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မလုံလောက်ကြဘူး။ ဒီအတိုင်းဆက်သွားရင် လူတွေ အလုပ်ကလည်းမရှိ၊ ကုန်စျေးနှုန်းကလည်း ကြီးတာကြောင့် ငတ်ပြတ်ပြီး သေကုန်မှာပဲ” လို့ ပြောပါတယ်။
အခုလို မြန်မာငွေတန်ဖိုးလည်း ကျဆင်းလာပြီး ပြည်တွင်းထုတ်ကုန်သာမက ပြည်ပကလာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူရောင်းရချရာမှာ လာတဲ့စျေးကတက်တော့ စျေးတင်ပြီး ရောင်းရတယ်လို့ စျေးသည်တယောက်က ပြောပါတယ်။
ကုန်စျေးနှုန်းတွေ တနေ့တခြား ကြီးမြင့်လာတဲ့အပေါ် စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ အဖွဲ့စည်းတွေက မြေပြင်အခြေအနေမှာ ကြီးကြပ်ကွင်းဆင်းစစ်ဆေးတာတွေ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ စားသုံးသူတွေက ဆိုပါတယ်။
စစ်အုပ်စုခေါင်းဆောင်ကတော့ စီးပွားရေးတွေ ပြန်လည်ဦးမော့အောင် လုပ်ဆောင်မယ်လို့ ပြောဆိုထားပေမဲ့ ဒီနေ့အထိ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုသာ ခံစားနေရတာပါ။
ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းလာတာနဲ့အမျှ နိုင်ငံရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာခဲ့တာကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့သူနဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်ကြတဲ့ သူတွေ သန်းနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။