တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တိုကျေးရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၈ ရက်မှာ သတ်ဖြတ်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်ဘက်ကနေ ပုလောဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာ ၈ ရက် မနက် ၁၁ နာရီကျော်လောက်က ပုလောမြို့နယ် စက်တော်ရာကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယာဥ်တန်းပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာ ၄ ရွာက နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့သလို တိုကျေးရွာက အသက် ၃၅ အရွယ် အမျိုးသားကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပြီး အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။
ပုလောမြို့နယ်ထဲက နေရာတချို့မှာ အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး ဒီနေ့အချိန်ထိ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခရီးသွားတွေအနေနဲ့ ထားဝယ်-မြိတ် ကားလမ်းမကြီးကို နိုဝင်ဘာ ၈ ရက်ကစပြီး ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။