ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ခလုတ်ကျေးရွာက လူငယ်နှစ်ယောက်ကို PDF နဲ့ ဆက်နွှယ်နေတယ်လို့ဆိုကာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲက စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ခလုတ်ကျေးရွာကို ရောက်လာပြီး လူငယ်နှစ်ယောက်ကို PDF နဲ့ ဆက်နွှယ်နေတယ်လို့ဆိုကာ ရိုက်နှက်ဖမ်းဆီးရာမှ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အကြမ်းဖက်မှုတွေမှာ ပါတယ်ဆိုပြီး လာဖမ်းတာ။ ကလေးတွေက မဟုတ်ဘူး ရှင်းပြလည်း မရဘူး။ ရိုက်နှက်ထိုးကြိတ်နေတော့ ထွက်ပြေးတာ။ အဲ့ဒါကို သေနတ်နဲ့ပစ်တာ တဦးထိတယ်၊ သေလား ရှင်လားတော့ မသိဘူး။ နောက်တဦးက ရိုက်နှက်ထားတာ မြင်မကောင်းဘူး။”
ဖမ်းဆီးခံရသူတွေဟာ ခလုတ်ကျေးရွာမှာ နေထိုင်တဲ့ ကိုခိုင်လင်းအောင်နဲ့ ကိုလှသက်ဝင်းတို့ဖြစ်ပြီး အေးဆေးစွာ နေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပြီးခဲ့တဲ့ရက်က တွံတေးက ပစ်ခတ်မှုတွေမှာ ပါတယ်ဆိုပြီး ဒလန်က စစ်တပ်ကို သတင်းပေးလိုက်တာ။ အဲ့ဒါကြောင့် အလုံးအရင်းနဲ့လာဖမ်းတာ။ သေနတ်ထိသွားတာတောင် လက်ထိပ်ခတ်ပြီး လူနာတင်ယာဥ်နဲ့ သယ်သွားတယ်။”
လတ်တလောမှာ ဖမ်းဆီးခံရသူနှစ်ယောက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ဘယ်မှာဖမ်းဆီးထားတယ် ဆိုတာကို မသိရတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တွံတေးမြို့နယ်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ကျေးရွာနဲ့ ရပ်ကွက်တချို့မှာ ဒလန်တွေ သတင်းပေးလို့ စစ်ကောင်စီတပ်က ပြည်သူတချို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။