မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ နိုဝင်ဘာ ၁၀ ရက် ဒီမနက် ၄ နာရီလောက်မှာ နေအိမ် ၈ လုံး မီးလောင်ပြီး အမျိုးသမီးတွေအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဇင်းကျိုက်မြို့၊ ဘုံကျောင်းလမ်းရှိ ဒေါ်သန်းသန်းခိုင်ရဲ့နေအိမ်ကနေ မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၈ လုံးအပါအဝင် စပါးကျည် တစ်လုံး မီးလောင်ပျက်စီးခဲ့တာပါ။
မီးလောင်မှုကြောင့် ဒေါ်သန်းသန်းခိုင်၊ မောင်လင်းထွန်း၊ ဒေါ်ခင်စီနဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်သူ မဇင်ဇင်ဖြိုးတို့ သေဆုံးခဲ့ပါတယ်။
အဲဒီမီးလောင်မှုဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်လင်းထွန်း ထွန်းထားတဲ့ ဖယောင်းတိုင်မီးကတဆင့် ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသား တယောက်နဲ့ ၊ အမျိုးသမီး သုံးယောက်ကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၄ နာရီ ၈ မိနစ်လောက်က ဒေါ်သန်းသန်းခိုင်ရဲ့ နေအိမ်မှာ ပေါ့ဆမီးကနေ တဆင့် မီးစတင်လောင်ရာမှာ ပေါင်မြို့နယ်၊ သထုံမြို့နယ်နဲ့ ဇင်ကျိုက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာတော့ မီးဘေးသင့် ပြည်သူ ၂၀ ကျော်ကို ဇင်းကျိုက်ရပ်ကွက်ရှိ ညောင်ကျောင်းဘုန်းကြီး ဓမ္မရုံမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း ရှေးဟောင်းဘုန်ကြီးကျောင်း နှစ်ကျောင်း မီးလောင်ခဲ့ပါတယ်။