ရခိုင်ပြည်နယ် မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နိုဝင်ဘာ ၈ ရက် တနေ့တည်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲ ၅ ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ နိုဝင်ဘာ ၉ ရက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီက မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာရဲ့ အနောက်မြောက်ဘက် ၁ ဒသမ ၆ ကီလိုမီတာမှာ တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ စစ်သုံးဇက်သင်္ဘောတစီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ ရဟတ်ယာဥ်တစီးကို နှစ်နေရာကနေ ကြားဖြတ်ခိုက်ခဲ့ကြပြီး ဇက်သင်္ဘောမှာ ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ပေမဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီ ၃၉ မိနစ်လောက်မှာ အမ်းမြို့နယ်၊ ကဇူးကိုင်းရွာရဲ့ အနောက်တောင်ဘက် ၃ ဒသမ ၁ ကီလိုမီတာအကွာရှိ အေအေတပ်စခန်းကို စစ်ကောင်စီက ဝင်ရောက်လာတာကြောင့် ၄၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီ ၁၀ မိနစ်လောက်က မောင်တောမြို့နယ် ဝက်ကျိန်း(မြို့)ရွာရဲ့ အရှေ့မြောက်ဘက် ၉၉၇ မီတာအကွာမှာ စစ်ကောင်စီရဲ့ တပ်မ ၇၇ နဲ့ ကြိမ်ချောင်း နခခ ၇ တို့ ပူးပေါင်းစစ်ကြောင်းဟာ အေအေတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီ ၃၅ မိနစ်က အမ်းမြို့နယ် ဟင်းရွက်ကျေးရွာရဲ့ အရှေ့တောင်ဘက် ၅၇၅ မီတာအကွာမှာလည်း စစ်ကောင်စီရဲ့ ခမရ ၃၀၈/၃၅၄ ပူပေါင်းစစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝကျေးရွာအနီးမှာလည်း နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီ ၃ မိနစ်က နာရီဝက်လောက် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၀ ဦးခန့်နဲ့ ဒဏ်ရာရရှိသူတချို့ ရှိခဲ့သလို စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက မြေပုံမြို့နယ်၊ ကြိုးကြာပြင်ကျေးရွာရဲ့ မြောက်ဘက် မီတာ ၈၀၀ ခန့်ရှိ ယိုးချောင်းဗျူဟာကုန်းနဲ့ အမ်းမြို့နယ် စွိချောင်းဗျူဟာကုန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က မင်းပြားမြို့နယ်မှာ စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာ ၄ ရွာက အိမ်ခြေ ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်လာပြီးနောက် အေအေက စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။