စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆူးလေကုန်းကျေးရွာကို နိုဝင်ဘာ ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၇ ရက်က နနွင်းကိုင်းရွာနဲ့ ရွှေတချောင်းရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒီနေ့မနက်ပိုင်းမှာ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်ကာ ရွာရဲ့ အရှေ့တောင်ဖျားဘက်ကနေ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆူးလေကုန်းရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကောင်စီတပ်သား အင်အားကတော့ ၁၀၀ ကျော်လောက် ပါမယ်ဗျ။ လက်ရှိ မြောင်နဲ့ ရေစကြိုမြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေကြတာ။ စစ်(...)တွေ စစ်ကြောင်းထိုးနေလို့ ရွာသူရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ မီးခိုးလုံးတွေကိုပဲ လှမ်းမြင်နေရတယ်။ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းခဲ့တယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး။”
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆူးလေကုန်းကျေးရွာကို ဇူလိုင် ၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မြောင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်ပံ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။