တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ စက်တော်ရာကျေးရွာနားမှာ နိုဝင်ဘာ ၈ ရက်က ကား ၇ စီးပါ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားတစီး ပျက်စီးသွားခဲ့တယ်လို့ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
မြိတ်ဘက်ကနေ ပုလောကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပုလော ပြောက်ကျားတပ်ဖွဲ့က မနေ့ မနက် ၁၁ နာရီခွဲလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ ပုလောမြို့နယ် ဇရပ်ဆိပ်အုပ်စု တပိုကျေးရွာက ပြည်သူနေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်ရေးအရှိန်မြင့်နေတဲ့ တနင်္သာရီတိုင်းထဲက ထားဝယ်-မြိတ် ကားလမ်းမကြီးကို နိုဝင်ဘာ ၈ ရက်ကစပြီး ခရီးသွားတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း-၁ နဲ့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်ထားပါတယ်။
ထားဝယ်-မြိတ် ကားလမ်းမကြီးတလျှောက် ပုလောမြို့နယ်ထဲက နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်သားတွေက ခရီးသွားတွေကို ဖမ်းဆီးပြီး လူသားဒိုင်း အနေနဲ့ အသုံးပြုတာတွေရှိနေတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။