မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းက နေအိမ်နဲ့တဲတွေကို မီးရှို့ဖျက်ဆီးခဲ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၇ ရက် မနက်အစောပိုင်းက ကျွန်းပေါ်ကတဲတွေနဲ့ ဆင်ခြေယာရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးကာ မာလကာခြံရွာနဲ့ မြေစွန်းတော်ရွာကို ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ မာလကာခြံရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“မာလကာခြံရွာနဲ့ မြေစွန်းတော် ကျေးရွာတွေကိုတော့ ဒီနေ့မနက်ပိုင်းမှာ အဲဒီ စစ်(...)စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ မာလကာခြံရွာက အိမ်ခြေ ၁၂ လုံးလောက် မီးလောင်ကျွမ်းပြီး မြေစွန်းတော်ရွာက အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုတော့ မသိရသေးဘူး။”
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ မီးလောင်နေတဲ့ ကျေးရွာတွေကို မီးဝင်ငြှိမ်းသတ်တဲ့ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားပြီး နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြေညာင့် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောထဲတွေကို ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရေလယ်ကျွန်းဒေသက ကျေးရွာ ၂၀ လောက်ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁,၀၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်၊ မီးဘေးသင့်ပြည်သူတွေ အကူအညီပေးရေး အဖွဲ့တွေဆီကနေ သိရပါတယ်။