ထိုင်းနိုင်ငံအလယ်ပိုင်း၊ အန်ထောင်းမြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား တယောက်က မီးလောင်ခံရတဲ့ ထိုင်းအဘွားအိုကို ကယ်တင်ခဲ့တယ်လို့ naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီကျော်က အန်ထောင်းမြို့ ဘန့်အစ်ရပ်ကွက်ထဲမှာ မီးလောင်မှုဖြစ်ပြီး ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားလာတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ အန်ထောင်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားတဲ့အချိန် စတုရန်းမီတာ ၁၀၀ ခန့်ရှိ မြက်ခင်းထဲ မီးလောင်နေပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက မီးလောင်ဒဏ်ရာရထားတဲ့ အဘွားအိုတယောက်ကို ရှေးဦးသူနာပြုစုပြီး ဆေးရုံပို့ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အဘွားအိုမှာ အသက် ၇၇ နှစ်အရွယ် နန်းဝိကျစ်ရားဆီပရဆစ်ဖြစ်ပြီး မြက်ခြောက်တွေမီးရှို့နေစဉ် သတိမေ့လဲကျသွားရာ လက်နဲ့ ခြေထောက်မှာရော ခန္ဓာကိုယ်မှာပါ မီးလောင်ခံရကြောင်း၊ သူရဲ့ အင်္ကျီရင်ဘတ်မှာလည်း မီးလောင်ခံထားရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ အဘွားဟာ သတိပြန်လည်ပေမဲ့ ထိတ်လန့်နေလို့ ဘာမှ မဖြေနိုင်ကြောင်း၊ အိမ်နီးချင်း ပတ်ဝန်းကျင်ကလူတွေ ပြောပြချက်အရ အဘွားလဲကျနေတာကို ဆိုင်ကယ်စီးရင်း အဲဒီနေရာကိုဖြတ်လာတဲ့ အသက် ၂၆ နှစ်အရွယ် မြန်မာအလုပ်သမား နိုင်ထွန်းက ဦးစွာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ထွန်းက အဘွားကို လာရောက်ပွေ့ထူပြီး အနီးနားကလူတွေကို အရေးပေါ်ကယ်ဆယ်ရေး ကားကို အမြန်ခေါ်ပေးဖို့ အော်ဟစ်အကူအညီတောင်းခဲ့ကြောင်း၊ နိုင်ထွန်းသာ လာမကယ်ဘူးဆိုရင် အဘွားဖြစ်သူ မီးထဲမှာ သေဆုံးသွားနိုင်လို့ ပတ်ဝန်းကျင်က သူ့ကို ကျေးဇူးတင်နေကြပါတယ်။
ကိုးကား - naewna.com/news.ch7.com