မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲဘိုတောင်ကျေးရွာက ရှေးဟောင်းဘုန်းကြီးကျောင်းမှာ နိုဝင်ဘာ ၈ ရက် မနက် ၇ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မနက် ၁၀ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဘုန်းကြီးကျောင်းက ရှေးဟောင်းလက်ရာတွေနဲ့ သက်တမ်းက နှစ်တွေကြာပါပြီ။ အဲဒီကျောင်းဟာ လျှပ်စစ်ဝါယာရှော့ကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ကျောင်းတခုလုံးကို မီးကူးစက်လောင်ကျွမ်းသွားတာ ဖြစ်တယ်။”
မီးလောင်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အဦနဲ့ ကျောင်းသုံးပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်ထဲမှာ တရက်တည်း ရှေးဟောင်းဘုန်းကြီးကျောင်း ၂ ကျောင်း မီးလောင်ပျက်စီးခဲ့ပြီး မွန်းတဲ့ ၁၂ နာရီခွဲလောက်က ကျိုက်ကော် သိမ်ဆိပ်ဘုန်းကြီးကျောင်းနဲ့ မနက် ၇ နာရီလောက်မှာ သံဖြူဇရပ်မြို့ ဝဲဘို့တောင်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့တာပါ။
မြန်မာနိုင်ငံမှာ နှစ်စဉ် မီးလောင်မှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းနဲ့ချီရှိပြီး အများဆုံးက ပေါ့ဆမီးနဲ့ လျှပ်စစ်ဝါယာရှော့တွေကြောင့် ဖြစ်ပွားခဲ့ကာ တခါတရံ လူသေဆုံးတဲ့အထိ ဖြစ်တဲ့အတွက် အခုလို ပွင့်လင်းရာသီကာလမှာ မီးသုံးစွဲသူတွေ သတိရှိကြဖို့ လိုအပ်တယ်လို့ မီးသတ်ဌာနက သတိပေးထားပါတယ်။
photo-စေတနာရှင် လူမှုကူညီရေးအသင်း