စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှ အပြစ်မဲ့ပြည်သူ ၁၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မီးရှို့ခဲ့ပြီး မိသားစုတွေကို အလောင်းပြန်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာ ၃ ရက်မှာ ၈ တန်းကျောင်းသားလူငယ်တယောက်အပါအဝင် ရွာသား ၁၈ ယောက်ကို ဖမ်းဆီးသွားတာဖြစ်ပြီး ၄ ဦး ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့ ၁၄ ယောက်ကိုတော့ သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက“သူတို့က နိုဝင်ဘာ ၃ ရက်နေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းသွားတယ်ဗျ။ ဖမ်းဆီးသူတွေထဲမှာ ၈ တန်းကျောင်းသားကလေးလည်း ပါတယ်ဗျ။ ဖမ်းဆီးတဲ့ စကစအဖွဲ့က ကိုးတောင်ဘို့အထိုင် ခမရ-၃၆၃ တပ်ကပါ။” လို့ ပြောပါတယ်။
စစ်ကောင်စီက ရွာသားတွေကိုဖမ်းဆီးသွားပြီး တနေကုန် နေပူလှန်း၊ ရိုက်နက်စစ်ဆေးခဲ့ကာ နိုဝင်ဘာ ၅ ရက်မှာ တသုတ်၊ သတ်ဖြတ်မီးရှို့ခဲ့သလို နိုဝင်ဘာ ၆ ရက်မှာ တသုတ် မီးရှို့သတ်ဖြတ် အလောင်းဖျောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ လျှော်ဖြူကုန်းရွာသားတွေဖြစ်တဲ့ ကိုစိုးဝင်း (၂၇ နှစ်)၊ မောင်စိုးစံ (၁၈ နှစ်)၊ ကိုမိုးဝင်းထွန်း (၃၀ နှစ်)၊ ကိုကျော်စိုး (၃၅ နှစ်)၊ ကိုဇော်ဇော် (၃၇ နှစ်)၊ ဦးမြင့်ဦး (၅၀ နှစ်)၊ ကိုဇော်မင်းစိုး (၃၅ နှစ်)၊ ကိုငချို (၃၄ နှစ်)၊ ကိုအောင်စိုး (၃၃ နှစ်)၊ ကိုညီညီ (၃၀ နှစ်)၊ ကိုမျိုးအောင် (၂၅ နှစ်)၊ ၈ တန်းကျောင်းသား မောင်ဝင်းဝင်သူ (၁၈ နှစ်)၊ ဇီးကနားကျေးရွာသား ကိုထွန်းဦး (၃၅ နှစ်)၊ စသူတွေဖြစ်တယ်လို့သိရပါတယ်။
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို ရရှိဖို့ မိသားစုဝင်တွေက စစ်တပ်ကို သွာရောက်တောင်းဆိုပေမဲ့ အလောင်းပြန်မပေးဘဲ စစ်တပ်အတွင်းကနေ မောင်းထုတ်ခံခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ရွာသား ၁၄ ယောက်နဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။