တနင်္သာရီတိုင်း၊ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို အကြမ်းဖက်စစ်တပ်က စီးနင်းမီးရှို့ချိန်မှာ မိုင်းခွဲဖို့ ကြံရွယ်ခဲ့ပေမဲ့ အလှူသွားနေတဲ့ ပြည်သူတွေကြောင့် မဖောက်ခွဲဖြစ်ဘဲ စခန်းကို လက်လွှတ်ခဲ့ရတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီလောက်ကစပြီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးတွေပစ်ခတ်ပြီး စခန်းရှိရာ တောင်ကြောတလျှောက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး နောက်တနေ့မနက်မှာ လောင်းလုံး PDF က စွန့်ခွာထားခဲ့တဲ့စခန်းကို သိမ်းခဲ့တယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လုံလုံခြုံခြုံဆုတ်ခွာနိုင်ခဲ့ပြီး စခန်းကိုမီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြိုတင်ထောင်ထားတဲ့မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံရွယ်ခဲ့ပေမဲ့ အနီးက အလှူပွဲကို စည်စည်ကားကားသွားနေတဲ့ ပြည်သူတချို့ကြောင့် မဖောက်ခွဲခဲ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒီမတိုင်ခင်ကလည်း လူပြတ်တဲ့လမ်းပိုင်းမှာ ချထားတဲ့ မိုင်းတွေကို အနားမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ ရွာသားတချို့က တူးပြီး သံချိတ်နဲ့ဆွဲယူသွားခဲ့တာကို သိရှိရပြီး ပြည်သူတွေအနေနဲ့ မဆိုင်တဲ့အရာတွေကို မစွက်ဖက်ဖို့နဲ့ ထိခိုက်မှုအန္တရာယ် ကြီးတဲ့အရာတွေကို ရှောင်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မီးရှို့ခံရတဲ့စခန်းက မိုင်းအလုံး ၃၀ နဲ့ ရိက္ခာတွေကို သိမ်းယူသွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လောင်းလုံးမြို့နယ်ရဲ့ ထိရှလွယ်တဲ့ ပထဝီအနေအထားကြောင့် လက်လွှတ်ခဲ့ရတဲ့ မစ်ရှင်တွေ အများကြီးရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ အသွားအလာဆင်ခြင်ကာ အလေးအနက် ပူးပေါင်းပါဝင်ပေးဖို့လည်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုထားပါတယ်။