မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ကနေ သိရပါတယ်။
မြိုင်မြို့နယ် သရက်ခွကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၆ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ PPDF၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) နဲ့ ကိုအောင်ကြီးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ၅ ယောက်လောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီ သရက်ခွကျေးရွာမှာ စစ်(...) နဲ့ ပျူ (...) အင်အား ၆၀ လောက် အထိုင်ချပြီး တပ်စွဲထားတာဗျ။ စစ်(...)တွေနဲ့ သူတို့ရဲ့လက်အောက်ခံ ပျူ(...)တွေကို အမြစ်ဖြတ်ချင်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး။”
စစ်ဘေးရှောင်ပြည်သူတွေရဲ့ မြေပဲစိုက်ခင်းတွေကို ထွန်စက်တွေနဲ့ ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားလာသလို ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။