ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တော်ရဲ့ အထင်ကရ ပွဲတော်တခုဖြစ်တဲ့ ရိုးရာမီးပုံးပျံပွဲနဲ့ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားစေဖို့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲမှာ မီးပုံးအရေအတွက် နည်းပါးတဲ့အတွက် ရပ်ကွက်တခုကို မီးပုံးပျံတခု ကိုယ်စားပြုပြီး မဖြစ်မနေ လုပ်ဆောင်ရမယ်လို့လည်း စစ်ကောင်စီက ရပ်ကွက်ရုံးတွေကို အမိန့်ပေးထားတယ်လို့ မီးပုံးပျံလုပ်တဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး မြို့ခံတွေက ဝေဖန်နေကြသလို လူမှုကွန်ရက်စာမျက်နှာတခုမှာလည်း မီးပုံးပျံပွဲနဲ့ပတ်သက်ပြီး သဘောထား မှတ်ချက်ရေးခဲ့သူ မြို့ခံအမျိုးသမီးတယောက်ကို စစ်ကောင်စီက နိုဝင်ဘာ ၂ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။