၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဟန်းသံဃာ အပါး ၂၀ ကျော်ကို စစ်တပ်က အဓမ္မ ဖမ်းဆီးထောင်ချထားပြီး စစ်ကြောရေးမှာလည်း ရိုက်နှက် စစ်ဆေးခံရလို့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ သံဃာတော်တွေ ရှိတယ်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက်ကနေ သိရပါတယ်။
ဖမ်းဆီးခံနေရတဲ့ အချိန်မှာလည်း သံဃာတော်တချို့ကို ထောင်ဝင်စာပေးမတွေ့တာ၊ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းတာတွေအပြင် ပဲခူးမြို့ အောင်ရတနာကျောင်းတိုက်က ဆရာတော်တပါးလည်း စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောရေးမှာ ရိုက်နှက် နှိပ်စက်ခဲ့လို့ ပျံလွန်တော်မူတဲ့သတင်းတွေကြားနေပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ အရှင်တေဇာနန္ဒက မိန့်ပါတယ်။
“ဖမ်းဆီးတဲ့သူတွေဟာ အဓမ္မဝါဒကို ဆုပ်ကိုင်ထားတဲ့ အဓမ္မဝါဒီသမားတွေဖြစ်ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဘယ်သူမဆို စစ်ကောင်စီက ဖမ်းဆီးထောင်ချမှာဖြစ်သလို ဓမ္မဝါဒပေါ် ရပ်တည်ပြီး ပြည်သူလူထု ဆင်းရဲဒုက္ခက လွတ်အောင် ကြိုးပမ်းခဲ့တဲ့ သံဃာတွေလည်း အခုလို ဖမ်းဆီးခံနေရတာဖြစ်တယ်။”
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော် တချို့ကလည်း လွတ်မြောက်ရာ နေရာဒေသတွေကို ထွက်ပြေးတိမ်းရှောင် သီတင်းသုံးခဲ့ရပါတယ်။
အဲဒီထဲက မြဝတီမင်းကြီးဆရာတော် ဦးအရိယာဘိဝံသ ကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သီတင်းသုံးနေထိုင်ခဲ့ရကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က နှလုံးသွေးကြောပိတ်ရောဂါနဲ့ မဲဆောက်ဆေးရုံမှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။