တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့တဲ့အပြင် စစ်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာအနီး စောင့်ဆိုင်းနေစဥ် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၆၀ က တပ်ဖွဲ့ဝင် ၁၅ ဦးခန့်က ရန်ကုန်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် လမ်းလျှောက်ချီတက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်လောက် ဖြစ်ပွားခဲ့တာပါ။
တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းစဥ် ၆၀ မမ ဗုံးသီး ၇ လုံး၊ ၅ ဒသမ ၅၆ ကျည်ဆန် အတောင့် ၂၀၀ လောက်နဲ့ တခြားဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူ ၁ ယောက်နဲ့ တပ်ကြပ် ၁ ယောက် သေဆုံးခဲ့တဲ့အပြင် တပ်သား ၃ ယောက် ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ တပ်ဖွဲ့ဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် တပ်ရင်း-၁ ဒုတပ်ရင်းမှူး ကိုမိုးကြိုးက ပြောပါတယ်။
“ရဲဘော် ၃ ယောက် ဒဏ်ရာရတဲ့အထဲက နည်းနည်းစိုးရိမ်ရတဲ့ တယောက်က ဆေးကုသနေတယ်။ ဆေးဝါးမပြည့်စုံတာ၊ ဆေးပညာရှင် မပြည့်စုံတာတွေကြောင့် အခက်တွေ့တယ်။”
ဒါ့အပြင် နေ့လယ် ၂ နာရီခွဲလောက်မှာတော့ ဘိုဒါးကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၆ ရက် မနက် ၇ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်က အနီးအနားရှိ တောတောင်တွေထဲ သေနတ်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကို ထပ်မံရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။
ဘုတ်ပြင်းမြို့နယ်ဟာ မြန်မာနိုင်ငံ တောင်ဘက်အစွန်ဆုံး ကော့သောင်းခရိုင်နဲ့ ကပ်လျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၁၃ ရင်းအထိ ရှိပါတယ်။