မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ် စစ်ကိုင်း - မန္တလေးလမ်းပေါ်ရှိ ချမ်းမြသာစည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်က ဗုံးပစ်ခံရပြီး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်ရဲမှူးအပါအဝင် ရဲ ၃ ယောက် ဒဏ်ရာရခဲ့ပြီး ပစ်ခတ်တာတွေလည်း ဖြစ်ခဲ့တယ်လို့ အနီးဝန်းကျင်ရှိပြည်သူတဦးက ပြောပါတယ်။
“စခန်းက နဂိုကတည်းက အတားအဆီးတွေ လုပ်ထားတာ။ ဗုံးသံကြားပြီး သေနတ်ပစ်သံပါ ကြား ရတယ်။ လူနာတင်ကားဝင်သွားတာလည်း ရှိတယ်။ အခုအဲဒီနား ပိတ်ထားတယ်။”
နိုဝင်ဘာ ၁ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် ၇၈ လမ်း ခင်စောမူကွေ့ရှိ အမှတ် (၁၁) ရဲစခန်းနားမှာ အချုပ်ကား တစီး ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီးရဲအုပ်အပါအဝင် စစ်ကောင်စီရဲ ၄ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။