မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မြေစာရင်းရုံးကို နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ပေါက် ဖောက်ခွဲခံရပြီး နေ့စားသန့်ရှင်းရေး ဝန်ထမ်းတယောက် ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြေစာရင်းရုံးကို မနက် ၁၀ နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံရပြီး ရုံးအရှေ့ပိုင်း အနည်းငယ်ပျက်စီးကာ ရုံးရှေ့မှာ သန့်ရှင်းရေးလုပ်နေတဲ့ နေ့စားသန့်ရှင်းရေးဝန်ထမ်း အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မျက်မြင်တွေ့ရှိသူတဦးက “ဆိုင်ကယ်နဲ့ ဗုံးလာပစ်သွားတာ၊ အသံက တော်တော်ကိုကျယ်တာ။ ရုံးတော့ အများကြီး ထိခိုက်မှုသိပ်မရှိဘူး၊ ရုံးရှေ့မှာက သစ်ပင်တွေရှိနေလို့။ သန့်ရှင်းရေးလုပ်နေတဲ့ နေ့စားဝန်ထမ်း အမျိုးသားတဦး ထိသွားတယ်။ အဲ့ရုံးက တခြားရုံးတွေလို အကာအရံတွေ မလုပ်ထားသလို စစ်သားအစောင့်တွေလည်း မရှိပါဘူး” လို့ ပြောပါတယ်။
မြေစာရင်းရုံး ဗုံးပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး မြောက်ပိုင်းရပ်ကွက်အတွင်းမှာ ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးခဲ့ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ချောင်းနှစ်ခွကျေးရွာနဲ့ အနီးတဝိုက်တွေမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ စာသင်ကျောင်းတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီလောက်က နောင်ရုတ်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲက ၃ နာရီလောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အလုံး ၃၀ လောက်နဲ့ ပစ်ခတ်ခဲ့သလို ညနေ ၄ နာရီဝန်းကျင်မှာတော့ လက်နက်ကြီး ပစ်ခတ်နေတဲ့ တောင်ကလေး ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ခံရပါတယ်။