ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ထဲမှာ ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကိုဖြုတ်ပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေနဲ့ စစ်ကောင်စီက အစားထိုးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့က ညောင်တုန်းမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စုနဲ့ ကျုံရစ်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးတွေကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ တာဝန်ကနေထုတ်ပယ်ပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေကို အုပ်ချုပ်ရေးမှူးတွေအဖြစ် လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။
“ကျုံရစ်မှာ အုပ်ချုပ်ရေးမှူး ဦးကံညွန့်ကိုဖြုတ်ပြီး အောင်ကျော်နိုင်ကို တင်လိုက်တယ်။ သူတို့ကို ရွာက သဘောကျတယ်။ သူတို့ကလည်း ရွာကို အထိမနာစေချင်လို့ CDM မလုပ်ဘဲ ထိန်းထားပေးတာ။ အခု သူတို့က ဖြုတ်တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ထုတ်ပယ်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အန်အယ် လ်ဒီအစိုးရလက်ထက်မှာ ရပ်ရွာက ရွေးချယ်တင်မြှောက်ထားကြတာဖြစ်ပြီး အခုတော့ စစ်တပ်က စေခိုင်းလို့ရနိုင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုထောက်ခံသူတွေကို ရွေးချယ်အစားထိုးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ပေစိရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ကြံ့ခိုင်ရေးပါတီဝင်တွေက ပြဿနာရှာ တိုင်တန်းဖြုတ်ချပြီးနောက် စစ်တပ်ထောက်ခံသူဝင်းကို ကို အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။