ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ-၂၁ နဲ့ လေယာဥ်ကွင်းနားက အမတ-၃၆၆ အမြောက်တပ်ထဲကို ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) က နို၀င်ဘာ ၅ ရက် ည ၆ နာရီ ကျော်လောက်က တာဝေးပစ် ရှော့တိုက်ဒုံးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခံရတာကြောင့် အမတ-၃၆၆ တပ်ထဲက တင့်ကားတစီး ပျက်စီးခဲ့သလို စကခ- ၂၁ တပ်နဲ့ အမတ- ၃၆၆ က စစ်သားတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာလည်း ရှိတယ်လို့ ဆိုပေမဲ့ တိကျတဲ့ စာရင်းတော့ မရပါဘူး။
ဒေသခံတဦးက “ဒီမနက်မှာ နောင်ခိုလမ်းဆုံနဲ့ မြို့ထဲလမ်းဆုံတွေမှာ အစစ်အဆေး တင်းကျပ်နေတယ်” လို့ ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရပြီးနောက် စကခ ၂၁ ရဲ့ လက်နက်ကြီးတပ်က KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့လည်း စစ်ကောင်စီနဲ့ ကေအိုင်အေက သတင်း မထုတ် ပြန်သေးသလို သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။
နို၀င်ဘာ ၅ ရက် ညနေကလည်း မိုးမောက်မြို့နယ် လွယ်ဂျယ်လမ်းရှိ လော့ဒန် ရှေ့တန်းတပ်စခန်းမှာ KIA တပ်မဟာ ၃၊ အမှတ် ၁၅ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။