ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တောင်ခြေအနီးမှာ အခုရက်ပိုင်း တိုက်ပွဲတွေအဆက်မပြတ် ဖြစ်ပွားနေပြီး သွားလာခွင့်ကန့်သတ်ထားတဲ့အတွက် စပါးရိတ်သိမ်းဖို့ ခက်ခဲနေတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
လုံဂျာဘွမ်တောင်ခြေအနီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ရွာသားတွေကို စစ်ကောင်စီတပ်က မနက် ၆ နာရီကနေ ည ၆ နာရီအထိသာ သွားလာခွင့်ပြုထားလို့ တောင်သူတွေ စပါးရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။
လုံဂျာတောင်ခြေ ဝဝမ်ကျေးရွာဒေသခံတစ်ဦးက "လုံဂျာဘွမ်တောင်ခြေက ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေလို့ စစ်ဘေးရှောင်နေကြရတယ်။ အမျိုးသမီးနဲ့ ကလေးတွေ၊ မိုးမောက်မြို့ပေါ် တိမ်းရှောင်နေပေမဲ့ အမျိုးသားတချို့ကတော့ရွာမှာပဲ စပါးရိတ်ဖို့ကျန်ခဲ့တယ်။ မနက် ၆ နာရီကနေ ည ၆ နာရီအထိပဲ လယ်ထဲလုပ်ခွင့်ရှိတယ်။ ၆ နာရီကျော်ရင် ပစ်မှာဆိုတော့ လယ်ကွင်းထဲ လယ်သိမ်းရတာ အချိန်အခက်အခဲအတော်ဖြစ်တယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မနက် ၆ နာရီမှ ည ၆ နာရီအထိသာ လယ်လုပ်ခွင့်ပြုထားတာဖြစ်ပြီး အချိန်ကျော်လွန်ပါက သေနတ်နဲ့ ပစ်ခတ်မှာ ဖြစ်ကြောင်းပြောဆိုထာလို့ ဒေသခံလယ်သမားတွေဟာ အချိန်လုပြီးအလုပ်လုပ်ရတဲ့အပြင် လယ်ယာလုပ်ငန်းခွင်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှာကိုလည်းစိုးရိမ်နေရပါတယ်။
လုံဂျာတောင်ခြေ ဝဝမ်ကျေးရွာဒေသခံတစ်ဦးက "မနက် ၆ နာရီကနေ ည ၆ နာရီထိပဲ လယ်ထဲလုပ်လို့ရတယ်။ ဒါတောင် လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကိုယ့်နား လက်နက်ကြီးကျည် ဘယ်တော့ကျမလဲဘဲ စိုးရိမ်နေရတယ်။ လယ်သိမ်းရတာလည်း ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေရတာ။ တချို့ဆို လယ်မသိမ်းတော့ဘဲ ပစ်ထားတဲ့ သူတွေတောင်ရှိတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က လုံဂျာဘွမ်တောင်ခြေအနီး လူနေအိမ်တွေအကြား လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လက်မှာ ဒဏ်ရာရခဲ့ပါတယ်။
မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၂ ရက် ကစတင်ပြီး လုံဂျာဘွမ်တောင်ခြေအနီး တိုက်ပွဲပြင်းထန်နေတဲ့အတွက် လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်၊ ခါနမ်၊ ကွမ်ဘမ် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။