(က)
၁၉၉၅၊ ဖေဖော်ဝါရီလ ၂ ရက်၊ ဖွေးပေါလူရွာ ယာယီစစ်ပြေးစခန်း။
(မာနယ်ပလောကို စစ်အစိုးရနှင့် ဒီကေဘီအေတပ်များ သိမ်းပိုက်ရယူအပြီး ၆ ရက်အကြာ။)
ပဟေလူချောင်းထဲကိုဆင်းတော့ ချောင်းထဲတွင် လူသူလေးပါး တိတ်ဆိတ်လျက်ရှိ၏။ လွန်ခဲ့သော ၅ ရက်က ဤနေရာတွင် လူတွေ ဥဒဟို သွားလာစည်ကားနေခဲ့၏။ မာနယ်ပလောတဝိုက်မှ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ပြေးဒုက္ခသည် အထောင်အသောင်းမှာ ဤပဟေလူချောင်းဘေးတွင် အထုပ်အပိုးကိုယ်စီဖြင့် သွားလာနေခဲ့ကြ၏။ ကျနော်သည်ပင်လျှင် ဒီမိုကရက်တစ်မြန်မာ့အသံ အသံဖမ်းစက်များ၊ ရုံးပိုင်ပစ္စည်းများနှင့် ဤချောင်းဘေးသောင်ခုံပေါ်တွင် တညအိပ်ခဲ့၏။ ထိုမှတဆင့် ဖွေးပေါလူရွာသို့ ခရီးဆက်ခဲ့ခြင်းဖြစ်သည်။
“မာနယ်ပလောမှာ ဒီကေဘီအေအလံတွေ ထောင်ထားတယ်”
ကျနော်ကြားရသည့်သတင်းမှာ ပါးစပ်သတင်းဖြစ်သည့်တိုင် ဤသတင်းက ကျနော့်ကို အကြီးအကျယ် ဖမ်းစားထားခဲ့၏။ နောက်ဆုံးတော့ မာနယ်ပလောကို သောင်ရင်းမြစ်၏ ဒီဘက်ကမ်းမှတဆင့် ဓာတ်ပုံချောင်းရိုက်ရန် ကျနော်ဆုံးဖြတ်လိုက်သည်။
မာနယ်ပလောကို အလွယ်တကူ အပေါ်စီးမှ ဓာတ်ပုံချောင်းရိုက်ဖို့ဆိုလျှင် မာနယ်ပလောနှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်မှ ရိုက်မှသာဖြစ်မည်ကို ကျနော်သိသည်။ ပဟေလူချောင်းကိုကူးကာ ပဟေလူရွာ နောက်ကြောဘက် တောင်ကြောပေါ်တက်လျှင် ကျနော့်အတွက် အဆင်ပြေနိုင်သည်ဟူ၍သာ ခန့်မှန်းပြီး သိထား၏။ သို့သော် ထိုနေရာသို့ ပြန်သွားလို့ရသည့်လမ်းကို ကျနော်မသိ။ ထိုလမ်းကို ကျနော်မကျွမ်းကျင်။
KNU ၏ တော်လှန်ရေးဌာနချုပ်စခန်း မာနယ်ပလောမှ ထွက်ပြေးတိမ်းရှောင်လာစဉ်က ကျနော်က ရေလမ်းအတိုင်း သောင်ရင်းမြစ်အတွင်းစီးဝင်သည့် ပဟေလူချောင်းအတိုင်း စက်လှေနှင့် ဆန်တက်လာခဲ့ခြင်းသာဖြစ်၏။ ထို့ကြောင့် ပဟေလူနောက်ကြောဘက် တောင်ကြောအတိုင်း ဆင်းလာသည့်လမ်းကို ကျနော်မလာခဲ့ရတော့။ ထို့ကြောင့် သည်တောင်ကိုကျော်သည့်လမ်းကို ကျနော် မကွမ်းကျင် မသိ။ အခုတော့ ထိုတောင်ကြောပေါ်တက်ပြီးမှ မာနယ်ပလောဆီ ပြန်သွားရမည်ရှိသောအခါ ကျနော့်မှာ အခက်တွေ့ရတော့၏။
မာနယ်ပလော၏ နောက်ဆုံးသတင်း ကြားကြားချင်း ကျနော့်ကို လမ်းပြခေါ်ဆောင်ပေးနိုင်မည့်လူကို ကျနော် အပူတပြင်းရှာသည်။ သို့သော် လူတကာလိုက်မေးလို့ကလည်း မဖြစ်။ လုံခြုံရေးက အရေးကြီး၏။ ကံအားလျော်စွာ ပလောင်အဖွဲ့မှ ‘မိုင်အိုက်ပုံး’ (စစ်အစိုးရ အကျဉ်းထောင်အတွင်းကျဆုံး) က ကျနော့်ကို အကူအညီပေးမည်ဟု ဆိုလာခဲ့၏။
ကျနော့်ရည်ရွယ်ချက်ကို သူလည်း စိတ်ဝင်စားသည်ဟုဆို၏။ သို့နှင့် သူနှင့်ကျနော် မနက်ခင်း ရှစ်နာရီတွင် ထမင်းအဝစားကာ ခရီးထွက်ခဲ့ကြ၏။
ကျနော်တို့နှစ်ယောက် ပဟေလူချောင်းထဲကိုရောက်တော့ ချောင်းထဲတွင် လူသူတိတ်ဆိတ်လျက်ရှိ၏။ လူသူစွန့်ခွာသွားပြီဖြစ်သည့် ပဟေလူရွာ အိမ်တချို့ကြားမှဖြတ်ကာ တောင်ကြောပေါ် တက်ကြ၏။ ဆယ်မိနစ်ခန့် ကြာသည်အထိ လူသွားလမ်းအတိုင်းမဟုတ်ဘဲ သစ်ပင်များ ကျောက်တုံးများကို တွယ်ကာဖက်ကာ တက်လာနေရသဖြင့် ကျနော်က စိတ်မရှည်ချင်တော့။ သို့သော် ‘မိုင်အိုက်ပုံး’ ရဲ့စကားက ယုတ္တိရှိနေသည်။ သူက ဤလမ်းခရီးမှာ လျှို့ဝှက်ခရီးဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်လမ်းကိုသာ ရွေးရမည်ဟု ဆိုထား၏။ ထို့ကြောင့် ကျနော့်မှာ စောဒကမတက်နိုင်ဘဲ ပင်ပန်းကြီးစွာ သူ့နောက်မှ လိုက်နေခဲ့ရ၏။
နာရီဝက်ကျော်ခန့်ရှိတော့ ကျနော် မအောင့်အီးနိုင်တော့။
သစ်ပင်တပင်ကိုမှီကာ နေရာတွင်ပင် ရပ်လိုက်သည်။
“ဟေ့လူ ခင်ဗျားလမ်းက မဟုတ်သေးဘူးနဲ့တူတယ်နော်။ ကျနော်သိထားတာက ဒီပေါ်မှာ လူသွားလမ်း ကောင်းကောင်းတခုတော့ ရှိတယ်ဗျ။ ကျနော်တို့ အဲဒီလမ်းကိုတွေ့မှ မာနယ်ပလောဘက် ကျော်ဆင်းလို့ရမယ်မို့လား”
မိုင်အိုက်ပုံးက ကျနော့်ကိုမကြည့်ဘဲ ခပ်တွေတွေရပ်ပြီး စဉ်းစားနေ၏။ သူ့ရဲ့ နဝေတိမ်တောင် ဖြစ်နေသည့် အခြေအနေကိုကြည့်ကာ ကျနော် စိတ်ပူသွားရသည်။
“အင်း ဟုတ်တော့ဟုတ်တယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းကို မရောက်သေးဘူး ဖြစ်နေတယ်။ ကျနော်က အမြန်ရောက်အောင် ဖြတ်ပြီးတက်လာတာဗျ။ ခုဟာက အမြန်လိုမှ”
“ဟာ ခင်ဗျားကတော့ လုပ်တော့မယ်။ ပြောတုန်းကတော့ ဒီလမ်းကို မျက်စိမှိတ်ပြီးတောင် တက်လို့ရတယ်ဆို။ ခုအတိုင်းဆိုရင် ကျုပ်တို့ နေမစောင်းခင် မာနယ်ပလောဘက်ခြမ်းဆင်းဖို့ အချိန်မီပါဦးမလားဗျာ”
ကျနော်တို့နှစ်ယောက် တက်လာလက်စလမ်းအတိုင်း ဆက်တက်ကြ၏။ ဒီတခါတော့ ကျနော်ကပဲ ရှေ့ကဦးဆောင်ပြီးတက်သည်။ မိုင်အိုက်ပုံးက ဘာမျှမဟတော့။ သူနှင့်ကျနော်က အဖွဲ့အစည်းချင်းသာ မတူပေမဲ့ ညီရင်းအစ်ကိုတမျှ ရင်းနှီးကြ၏။ ကျနော်တွင်မက ရဲဘော်အားလုံးနီးပါး သူ့ကို ခင်မင်ကြ၏။ အထူးသဖြင့် သူနှင့်ကျနော်က တယောက်နှင့်တယောက် ပြောမနာ ဆိုမနာ။ ထို့ကြောင့် ကျနော်က သူ့ကို တလမ်းလုံး တပြစ်တောက်တောက် လုပ်လာခဲ့၏။ သူကလည်း မျက်နှာတပြုံးပြုံးနှင့် ကျနော်ပြောသမျှ ငုံ့ခံပြီး လိုက်လာခဲ့၏။
“ဟော တွေ့ပြီ၊ ဒီလမ်းပဲ ဒီလမ်းပဲ”
သူက အောင်နိုင်သူ၏ လေသံမျိုးဖြင့် တောင်ပေါ်တောလမ်းကလေးပေါ် တက်ပြီးရပ်သည်။ ပြီးတော့ ကျနော့်ရှေ့မှဦးဆောင်ကာ လမ်းအတိုင်း ခတ်ကြွားကြွား ထွက်သွားလေသည်။ လမ်းကလေးအတိုင်း ခတ်သွက်သွက်သွားနေရင်းက ပတ်ဝန်းကျင်ကို ဂရုပြုမိသည်။ ကိုယ့်ဇောနှင့်ကိုယ် တောင်ပေါ်တက်လာခဲ့သဖြင့် ပတ်ဝန်းကျင်ကိုပင် မေ့နေခဲ့မိ၏။ အမှန်အားဖြင့် ဤနေရာမှာ ရန်သူနှင့် အနီးဆုံးနေရာဖြစ်၏။ လူသူမရှိတော့သည့်နယ်မြေ ဖြစ်၏။ ထိုသို့ တွေးမိသည့်အခါကြမှ ကျနော့်မှာ တုန်လှုပ်မိ၏။ သို့သော် ရဲဘော်ကြီး မိုင်အိုက်ပုံးကမူ ထိတ်လန့်ကြောက်ရွံ့သည့် အမူအယာ မရှိ။ ရှေ့က ဦးဆောင်ချီတက်လျက် ရှိသဖြင့် ကျနော့်မှာ အားရှိသွားရ၏။
နာရီဝက်ခန့် လျှောက်လာပြီးသည့်အခါ ကျနော် စိတ်ပူလာရပြန်သည်။ ဒီအချိန်လောက်ဆိုလျှင် မာနယ်ပလောကို ရောက်ဖို့သင့်ပြီဟု တွေးမိသည်။ သည့်ထက် တနာရီခန့် နောက်ကျသွားပါက မာနယ်ပလောကို ဓာတ်ပုံခိုးရိုက်ဖို့ရာ အခက်အခဲရှိနိုင်သည်။ မွန်းလွဲလို့ နေစောင်းလျှင် ကင်မရာကို မာနယ်ပလောဘက်ကို လှမ်းချိန်လို့ မသင့်တော်တော့မှန်း ကျနော်တွေးမိလာသည်။
မာနယ်ပလောတွင် နအဖတပ်များ ရှိနေသည်။ နအဖတပ်များက မာနယ်ပလောကို သိမ်းမိသည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။ ပြီးတော့ ယခင် မာနယ်ပလော လုံခြုံရေး ကရင်ရဲဘော် အတော်များများမှာ ဒီကေဘီအေဘက်သို့ ပါသွားသဖြင့် မာနယ်ပလောနှင့် မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံဘက်ကမ်းမှာ လုံခြုံရေးအရ အင်မတန်အရေးကြီးသည့်နေရာ ဖြစ်သည်ကို မသိ မဟုတ် သိကြမည်။ ထို့ကြောင့် ရန်သူက ဒီဘက်ကမ်းတောင်ကြောကို အမြဲမပြတ် စောင့်ကြည့်နေမည်မှာ သေချာသည်။ အကယ်၍ နအဖစစ်တပ်က မှန်ပြောင်းနှင့် စောင့်ကြည့်နေစဉ် ကျနော်က ကင်မရာကို ထုတ်ချိန်လိုက်ပါက နေရောင်ကြောင့် ကင်မရာမှန်မှ အလင်းရောင်ပြန်လျှင် နအဖစစ်တပ်က ဧကန်မုချ သေနတ်နှင့် လှမ်းပစ်မည်သာ ဖြစ်သည်။ ကျနော်တို့ နေရာယူရန် စိတ်ကူးထားသည့်နေရာမှာ မာနယ်ပလောဘက်ကမ်းနှင့် လက်နက်ငယ် တကမ်းအကွာတွင်သာ ရှိသည်။ သည်အတိုင်းဆိုပါက မွန်းမလွဲခင် ရည်မှန်းထားသည့် နေရာသို့ ရောက်ဖို့ရန် အချိန်မရှိလောက်အောင် ဖြစ်လာခဲ့သည်။
“ဟော ဟိုမှာ တွေ့ပြီ၊ ရောက် ရောက်”
မိုင်အိုက်ပုံး၏ တအံ့တသြ ရပ်ကြည့်နေရာကို ကျနော် အမောတကော ပြေးကြည့်သည်။ သူက လက်ညှိုးညွှန်သလို လုပ်ပြီးမှ လက်ကို ပြန်ရုပ်လိုက်၏။ တောင်ခြေအောက်က ရွာကလေးတရွာ။ ကျနော် နေရာတွင်ပင် ကြက်သေသေကာ ရပ်နေမိသည်။
“ဟား ဒုက္ခပဲ၊ အဲဒါ မာနယ်ပလော မဖြစ်နိုင်ဘူးလေဗျာ”
ကျနော်က သူ့ကို ဘေးသို့တွန်းထိုးကာ လှမ်းမြင်ရသည့်ရွာကလေးကို စိတ်ပျက်စွာကြည့်သည်။
“ဟုတ် ဟုတ်တယ်ကိုငြိမ်း၊ အဲ အဲဒါ မယ်ပေါထပဲ”
“ကျုပ်ထင်တယ်၊ စတက်လာကတည်းက ကျုပ်ထင်တယ်။ ခင်ဗျား အစကတည်းက ကိုယ်မကျွမ်းရင် မကျွမ်းဘူး အမှန်အတိုင်းပြောပေါ့ဗျ။ အခုတော့”
“အခုတော့ မယ်ပေါထပဲလေဗျာ။ မယ်ပေါထရွာတွေ့ရင် မာနယ်ပလောက ပြေးမလွတ်တော့ပါဘူး ကိုငြိမ်းရ”
“ဘာပြေးမလွတ်ရမှာလဲ၊ အခုအတိုင်းဆို မာနယ်ပလောကိုတောင် ကျော်လာခဲ့ပြီ။ ခင်ဗျား မယ်ပေါထကို တမင်သွားချင်လို့ ကျုပ်ကို ညာခေါ်လာတာများလား။ မရဘူး ပြန်လှည့်မယ်။ ကျုပ်ကတော့ မာနယ်ပလောမှ မာနယ်ပလောပဲ။ ကြည့်စမ်းဗျာ ကျုပ်က အကောင်းအောက်မေ့လို့ သူ့အားကိုးနဲ့ ခေါ်လာမိပါတယ်။ ခင်ဗျား ရီးစား အဲ ရီးစားလည်း မဟုတ်သေးပါဘူးလေ၊ ခင်ဗျားဘက်က တဖက်သတ်ကြိုက်နေတဲ့ ကောင်မလေး။ အဲဒါ ခင်ဗျား ကျုပ်ကို အဖော်ခေါ်ပြီး သွားမလို့မို့လား။ မရဘူး အခုပြန်လှည့်။ ခင်ဗျားဗျာ ဖြစ်မှဖြစ်ရပလေ”
ကျနော်က ပြောပြောဆိုဆို နောက်ကိုပြန်လှည့်၏။ မိုင်အိုက်ပုံးက ရှေ့ဆက်သွားရမလို လုပ်နေသေး၏။ ပြီးတော့မှ ကျနော့်နောက်မှ မလိုက်ချင်လိုက်ချင်နှင့် ပြန်လိုက်လာ၏။ နာရီကိုကြည့်တော့ မွန်းတည့် ၁၂ နာရီရှိပြီ။ ကျနော်က နာရီကိုကြည့်ကာ မချိတင်ကဲ ဆုံးဖြတ်ချက် ချလိုက်ရတော့သည်။
“ကဲ၊ ဒီအတိုင်းဆိုရင် မာနယ်ပလောကို ပြန်သွားရမှာရယ်၊ ဟိုကျတော့ ဓာတ်ပုံရိုက်ဖို့ နေရာရွေးရမှာရယ်ဆိုရင် အနည်းဆုံး တနာရီလောက်တော့ အချိန်ယူရမှာ သေချာတယ်။ ကျုပ် ဒီလိုစဉ်းစားတယ်၊ မနက်ဖြန်ကျမှ တခါထပ်ပြီး ကြိုးစားတော့မယ်။ ပြန်ဆင်းကြရအောင်။ နေစောင်းမှ ဓာတ်ပုံသွားရိုက်ရင် ကျုပ်တို့လှမ်းအပစ်ခံရမှာ သေချာတယ်”
ကျနော်က ပြောပြောဆိုဆို လာလမ်းအတိုင်း ပြန်လျှောက်တော့ မိုင်အိုက်ပုံးက အင်တင်တင်လုပ်နေ၏။
“ဒါဆိုရင် ဒီလိုလုပ်မယ်။ ကျုပ်ကတော့ လာလက်စနဲ့ မထူးဘူး။ မယ်ပေါထ ဆက်ဒိုးလိုက်တော့မယ်။ ခင်ဗျား ဒီလမ်းအတိုင်းသာဆင်းသွား၊ ပဟေလူကို ဆင်းသွားမှာပဲ၊ မှားစရာအကြောင်းမရှိဘူး”
“ကြည့်စမ်း၊ ဒီလောက် လူတွေ ထွက်ပြေးနေရတဲ့ကြားထဲ လူမရှိတော့တဲ့ရွာကို ခင်ဗျား ဘာသွားလုပ်ဦးမှာလဲ။ ဟိုမှာ လူမပြောနဲ့ ခွေးတောင် တကောင်တမြီးမှ မရှိတော့ဘူးဗျ။ မရဘူး။ ကျုပ်နဲ့ပဲ တခါတည်းပြန်ရမယ်။ ဘယ့်နှယ်ဗျာ ဒီလောက် တိုက်ပွဲဖြစ်၊ ဒီလောက် လူတွေ ကစင့်ကလျား ဖြစ်နေတဲ့ကြားထဲကများ။ ပြီးတော့ ကျုပ်တယောက်တည်းတော့ မပြန်ရဲဘူး။ လာ အတူတူပဲပြန်မယ်”
ကျနော်တို့နှစ်ယောက် ဖွေးပေါလူရွာကို ပြန်ရောက်တော့ မိုင်အိုက်ပုံးက ဒီလောက်အနီးလေး လှမ်းမြင်ရတဲ့နေရာရောက်ကာမှ သူ့ကို မယ်ပေါထရွာ သွားခွင့်မပေးရကောင်းလားဟု ပြုံးဖြဲဖြဲနှင့် အပြစ်တင်ရင်းနှင့် လူချင်းခွဲလိုက်ကြ၏။
(ခ)
“မကူညီချင်လို့တော့မဟုတ်ဘူး ကိုငြိမ်းဝေ၊ မာနယ်ပလော ကျပြီးတာကလည်း ရက်ပိုင်းပဲ ရှိသေးတယ်။ ပြီးတော့ အဲဒီနေရာမှာ ကျုပ်တို့ကင်းတွေတောင် မရှိတော့ဘူး။ ရန်သူက ဒီဘက်ကမ်းကိုကူးပြီး သူတို့လုံခြုံရေးကို ချဲ့ထားတယ်လို့လည်း ကြားတယ်။ ဒါကြောင့်မို့ပါ”
ဗိုလ်မှူးတူးတူးလေးက သူ့ရဲဘော်များနှင့် အလုပ်ရှုပ်နေသည့်ကြားက ကျနော့်ကို ဘေးတွင်ခေါ်ကာ ခပ်တိုးတိုး တားမြစ်နေ၏။ ကျနော်ကမူ လက်မလျှော့နိုင်ပါ။
“ဗိုလ်မှူးပြောတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ကျနော် ဓာတ်ပုံသွားရိုက်ရုံပါ။ ရိုက်ပြီးပြီးချင်း ချက်ချင်းပြန်လာမှာပါ။ ဗိုလ်မှူး ဒါတခုတော့ ကူညီပါဗျာ”
သုံးလေးကြိမ်တားမြစ်လို့ မရသောအခါကျမှ ဗိုလ်မှူးတူးတူးလေးက ကျနော့်အတွက် ကရင်ရဲဘော်နှစ်ယောက်ကို လမ်းပြအဖြစ် စီစဉ်ပေးခဲ့၏။ ကရင်ရဲဘော်များမှာ မြန်မာစကားတတ်သဖြင့် အဆင်ပြေ၏။
အမှန်စင်စစ် ဒီကနေ့မနက် ခရီးထွက်ဖြစ်လျှင် သူလည်း လိုက်ဖြစ်အောင် လိုက်ပေးမည်ဟု မိုင်အိုက်ပုံးက မနေ့ညနေကတည်းက ကတိပေးထားပြီးဖြစ်သည်။ ဒီကနေ့မနက် သူ့ဆီ ကျနော်သွားတော့ သူက အိပ်ယာကမထသေး။ မနေ့တုန်းက မယ်ပေါထရွာကို မျက်လုံးနှင့် မြင်လိုက်ရပြီးကာမှ မသွားလိုက်ရလေခြင်းဟုဆိုကာ ညက တညလုံး အရက်ထိုင်သောက်ခဲ့သဖြင့် မနက်ကြတော့ အိပ်ယာက မထနိုင်တော့။
စိတ်ပျက်ပျက်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ရဲဘော်ဗညား (ယခု သြစတြေးလျ) ထံ ကျနော်ထွက်လာခဲ့သည်။ သူ့ထံတွင် ကင်မရာကောင်းကောင်းတလုံး ရှိသည်။ ကျနော့်တွင်ရှိသော ကင်မရာက အဝေးချိန်မှန်ဘီလူးမှာ အားနည်း၏။ ရဲဘော်ဗညားထံတွင်ရှိသည့် ကင်မရာက Green November 32 မှ ကင်မရာဖြစ်သည်။ အဝေးချိန်မှန်ဘီလူးမှာ အားအလွန်ကောင်းသည်ကို ကျနော်သိသည်။ အစပိုင်းတွင် ကိုဗညားက သူပိုင်ပစ္စည်းမဟုတ်ဟုဆိုကာ ကျနော့်ကို မငှားနိုင်ဟု ငြင်းနေသေး၏။ ကျနော့်ရည်ရွယ်ချက်အမှန်ကို ပြောပြမှ ငှားမည်ဟု ဈေးဆစ်နေသေး၏။ ကျနော်က ကင်မရာ ငှားလို့ရနိုင်ရန် အမှန်အတိုင်းဖွင့်ပြောတော့ ကျနော်သွားမည့်ခရီးတွင် သူ့လည်း လိုက်ခွင့်ပြုမှ ငှားမည်ဟု ထပ်ပြီး ဈေးဆစ်နေပြန်သည်။ မတတ်သာသည့်အဆုံး ကင်မရာလည်းရ အဖော်လည်းရဟု သဘောထားကာ ကိုဗညား၏တောင်းဆိုချက်ကို လက်ခံခဲ့ရ၏။
ကိုဗညားသည်လည်း ကျနော်နှင့်ရင်းနှီးသူပင် ဖြစ်သည်။ နေ့တိုင်းလိုလို ထူးရာစိုး လက်ဘက်ရည်ဆိုင်တွင် အတူထိုင်ကာ စကားဝိုင်းဖွဲ့ခဲ့သူဖြစ်သည်။ ဤသို့ဖြင့် ပဟေလူရွာ နောက်ကြော တောင်ပေါ်ခရီးတွင် ကျနော်တို့အဖွဲ့၌ လူ ၄ ယောက် ဖြစ်လာခဲ့လေသည်။
“ဘယ်လိုလဲ ကိုငြိမ်း၊ ငြိမ်လှချည်လား၊ ဘာတွေ တွေးလာတာလဲဗျ”
“ဟိုရောက်ရင် ခင်ဗျားကင်မရာနဲ့ ခင်ဗျားပဲရိုက်ဗျာ။ ကျနော်က ကျနော့်ကင်မရာနဲ့ပဲ ကျနော်ရိုက်မယ်။
“ရတယ်လေ၊ ခင်ဗျားက ဒီခရီးမှာ စစ်ကြောင်းမှူးပဲဟာ”
တနာရီခွဲသာသာတွင် ကျနော်တို့လူစု တောင်ပေါ်လူသွားလမ်းပေါ် ရောက်လာကြ၏။ နောက်ထပ် နာရီဝက်ခန့်ရှိသောအခါ မာနယ်ပလောဘက်သို့ဆင်းသည့် တောင်ကြောအတိုင်း ဆင်းလာနိုင်ကြ၏။ လမ်းတွင် မည်သည့်အခက်အခဲမျှ မရှိခဲ့။ ကျနော်တို့လူစု တောင်ကြောအတိုင်း ဆင်းလာနေစဉ် မာနယ်ပလောကို ထင်ထင်ရှားရှားကြီးပင် မြင်နေကြရ၏။ သာသနာ့အလံတချို့ နေရာ ၁၀ နေရာလောက်တွင် လှမ်းတွေ့ရ၏။ ဒီကေဘီအေအလံများပင် ဖြစ်မည်ဟု ယူဆမိသည်။
ကျနော်တို့ ဆင်းချလာရာ တောင်ကြောနှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ် တဖက်ကမ်းတွင် စောဘဦးကြီး စစ်ရေးပြကွင်းကို မြင်နေရ၏။ စောဘဦးကြီး ကျောက်တိုင်ကိုမူ မတွေ့ကြရ။ နဝတစစ်တပ်က ဖျက်ဆီးလိုက်၍ပဲလား၊ သစ်ပင်များ ကွယ်နေလို့ပဲလား ကျနော်မသိ။ ကျနော်တို့ကို လမ်းပြလိုက်ပါလာသူ ကရင်ရဲဘော်နှစ်ဦးကမူ အောက်ခြေနားအထိ ဆင်းလာကြသည့် ကျနော်တို့နှင့် ပါမလာတော့ဘဲ လမ်းတဝက်တွင်ပင် နေရစ်ခဲ့ကြ၏။ ကျနော်တို့နှစ်ယောက်က ခြုံများ သစ်ပင်များကို အကာအကွယ်ယူကာ တဖြည်းဖြည်းချင်း အောက်သို့ဆင်းလာကြ၏။
“ဟေ့ ဟိုမှာ ဆရာတော်ရမ်ဘိုရဲ့ ကားမို့လား”
တိုယိုတာ ဗင်ကားအဖြူလေးတစီးကို ဘုန်းတော်ကြီးကျောင်း ကမ်းပါးယံအောက်ခြေ၌ တွေ့ရ၏။ နဝတနှင့် ဒီကေဘီအေတပ်များ သိမ်းဆည်းရမိသွားသော တစီးတည်းသော ကားကလေးဖြစ်၏။ ဤကားကလေးမှာ ဗိုလ်ချုပ်ကြီးစောဘိုမြက ဆရာတော် ရမ်ဘိုအား လှူဒါန်းထားသည့် ကားကလေးဖြစ်၏။
“ဟိုမှာ ကမ်းပါးယံမှာ စာလုံးတွေဖော်ပြီးခင်းထားတယ်၊ ဘာတဲ့ .. နဗဟ (၆၆၁)၊ ခမရ ၂၈တဲ့၊ ဟေ့ ဟေ့ ကိုဗညားလေး ရိုက်ရိုက် သေသေချာချာ နှစ်ပုံသုံးပုံလောက်တော့ အနည်းဆုံးသာရိုက်”
ကိုဗညားက အလံထောင်ထားသည်များကို ဓာတ်ပုံရိုက်နေရင်းက ကျနော်ပြောပြရာ ကမ်းပါးယံကို တဆက်တည်းရိုက်၏။
“ကြည့်စမ်း ဒီကောင်တွေ မာနယ်ပလောကိုသိမ်းတာ သူတို့တပ်တွေမဟုတ်ဘူး။ ဒီကေဘီအေကပဲ သိမ်းတာဆိုပြီး ညကပဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားသေးတယ်။ ဟင်း အခုတော့ သူတို့ကိုယ်တိုင်ဝင်သိမ်းတာ ရှင်းနေတာပဲဟာ”
“ကဲ ကိုဗညားရေ ဟိုဘက် ကျုပ်တို့ရုံးတွေဘက် အချိန်ရှိတုန်း ရွှေ့ကြဦးစို့။ ဒီဘက်က ဒီလောက်ဆို တော်လောက်ပါပြီ”
ကျနော်တို့လူစု မာနယ်ပလော၏တောင်ဘက်ကို ရွှေ့လာခဲ့ကြ၏။ ကျနော်ကတော့ မာနယ်ပလောကို လွမ်းသစွာ ငေးကြည့်ရင်း ရင်ထဲ၌ နာကျင်နေခဲ့၏။ ဤနေရာ မာနယ်ပလောမြေပေါ်၌ ကျနော်သည် သုံးနှစ်ကျော်မျှ နေထိုင်ခဲ့၏။ ယခုအခါ မာနယ်ပလောမြေပေါ်တွင် နဝတစစ်သားတချို့ကို ဟိုဒီသွားလာနေသည်ကို မြင်နေရပြန်သည်။ ဆရာတော် ရမ်ဘို၏ ကားအဖြူကလေးကိုလည်း ဟိုဒီ လျှောက်မောင်းနေသည်ကို တွေ့နေရ၏။ နဝတစစ်သားများဖွင့်ထားသည့် ကက်ဆက်သီချင်းသံကိုပင် ကြားနေရ၏။ နဝတစစ်သားအချင်းချင်း အော်ဟစ်ပြောဆိုသည့် အသံကိုပင်လျှင် သဲ့သဲ့မျှ ကြားနေရ၏။
“ကဲ ဘယ်လိုလဲ၊ ပြန်ကြမလား၊ တခြားရိုက်စရာနေရာ ရှိဦးမလား”
ကျနော်က ခေတ္တခဏမျှ စဉ်းစားနေလိုက်၏။
“အခု အချိန်နည်းနည်းရှိနေသေးတယ် ငါ့ညီ။ ငါတော့ အရင်နေရာကိုပဲ ထပ်ပြီး သွားကြည့်ချင်သေးတယ် ဘယ့်နှယ်လဲ”
“ဟာ ဒါက ကိုငြိမ်းသဘောပဲလေ၊ ကိုင်း ကြာသလားလို့ ရွေ့ကြရအောင်”
ကျနော်တို့ နေရာယူခဲ့ရာ ပထမနေရာသို့ ပြန်ရောက်လာကြပြန်သည်။ ကျနော်တို့လူသိုက် သတိကြီးစွာထားကာ သစ်ပင်ခြုံပင်များကို အကာအကွယ်ယူကာ အောက်ဘက်ဆီ ဆင်းလာနေခိုက် အောက်တည့်တည့် သောင်ရင်းမြစ် ဒီဘက်ကမ်းတွင် လှေငယ်တစင်း ဆိုက်ထားသည်ကို တွေ့လိုက်ရ၏။ ကျနော်တို့က ရောက်ရာနေရာတွင်ပင် ရပ်ကာ အခြေအနေကို စောင့်ကြည့်ကြ၏။ အသံကိုနားစွင့်၏။ နားထဲတွင် လေတိုးသံမှအပ ထူးခြားသည့်အသံကိုမူ မကြားကြရ။ သို့သော် ဟိုဘက်ကမ်း မာနယ်ပလော စက်လှေဆိပ်ဆီက အဝတ်ဖွပ်သည့် အသံကိုမူ အတိုင်းသားကြားနေရ၏။
ကရင်ရဲဘော်နှစ်ဦးက အောက်အထိ ဆက်ပြီးဆင်းရန် ချီတုံချတုံဖြစ်နေ၏။ ကျနော့်စိတ်ထဲတွင် သံသယစိတ် အနည်းငယ်ဖြစ်လာ၏။ ကျနော်တို့ ခရီးမထွက်လာခင်က ဗိုလ်မှူးတူးတူးလေး ပြောလိုက်သည့် စကားကို ကျနော်ပြန်စဉ်းစား၏။ ရန်သူက ဒီဘက်ကမ်းတောင်ကြောမှာ ကင်းတွေတက်ပြီး ထိုးကောင်းထိုးထားနိုင်သည်၊ စစ်ခွေးဟောင်သံတွေလည်း ကြားရသည်ဟူသည့် စကားကို ပြန်တွေးမိကာ စိုးရိမ်လိုက်မိသေး၏။
“ဒီလိုလုပ်၊ ခင်ဗျားတို့က ဒီနားမှာပဲ စောင့်နေခဲ့ပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက်က အောက်နားအထိ နည်းနည်းဆင်းပြီး ဓာတ်ပုံရိုက်လိုက်ဦးမယ်”
ကျနော်နှင့် ကိုဗညားက သတိနှင့် အောက်ကို ဆင်းလာခဲ့ကြသည်။
“ဟော ကိုငြိမ်းဝေ ဟိုမှာကြည့်စမ်း၊ အခုနတုန်းက ကျုပ်တို့တွေ့ခဲ့တဲ့စာတွေ မရှိတော့ဘူးဗျ။ ဟော ဘာတဲ့၊ ဒီ ကေ ဘီ အေ ဆိုပြီး စာလုံးတွေပြောင်းသွားပြီဗျ”
ကျနော်တို့နှစ်ယောက် ပြိုင်တူဆိုသလို ဘုန်းတော်ကြီးကျောင်း ကမ်းပါးယံကို ကင်မရာ ကိုယ်စီ ထိုးချိန်လိုက်ကြ၏။
လွန်ခဲ့သည့် တနာရီခန့်က ဤကမ်းပါးယံကြီးပေါ်တွင် ကျောက်တုံးများကို ထုံးဖြူသုတ်ကာ စာလုံးဖော်ထားသည့်၊ န ဗ ဟ (၆၆၁)၊ ခမရ ၂၈ စာတန်း၏နေရာတွင် ဒီ ကေ ဘီ အေ ဟူသော စာတန်းကြီးကို အံ့သြစွာ ဓာတ်ပုံရိုက်ကြ၏။ အမှန်တကယ်အားဖြင့်ဆိုလျှင် မာနယ်ပလောကို နဝတစစ်တပ်များကသာ ဦးဆောင်ပြီး သိမ်းပိုက်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် စခန်းသိမ်းတပ်၏ နာမည်ကို စာလုံးဖော်၍ ဖော်ပြထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သည့်ညကမူ စစ်အစိုးရကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မာနယ်ပလောကို ဒီကေဘီအေ တပ်များကသာ သိမ်းခြင်းဖြစ်ကြောင်း အသံလွှင့်ခဲ့၏။ ထို့ကြောင့် ဒီကနေ့မနက်ခင်းတွင် စာလုံးများ ပြောင်းပစ်လိုက်ကြ၏။ ကျနော်တို့က စာလုံးနှစ်မျိုးစလုံး၏ ဓာတ်ပုံများကို ကံအားလျော်စွာ တိုက်တိုက်ဆိုင်ဆိုင် အချိန်မီ ရလိုက်ကြခြင်းသာ ဖြစ်လေသည်။ (ယင်း ဓာတ်ပုံများကို ထိုင်းနိုင်ငံတွင်ထုတ်ဝေသည့် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။)
“ကဲ ကိုဗညား၊ မောင်ရင်က ဒီမှာပဲနေပြီး ရိုက်တော့။ ကျုပ်ကင်မရာက အောက်နည်းနည်း ထပ်ဆင်းပြီးရိုက်မှ အဆင်ပြေမှာ”
ဝါးတရိုက်ခန့်အထိ အောက်ကို ကျနော်ဆင်းလိုက်သည်။ စောဘဦးကြီး စစ်ရေးပြကွင်းကို အတိုင်းသား မြင်နေရ၏။ ရန်သူစစ်သားတချို့ အဆောက်အဦးပျက်များကြား သွားနေသည်ကို အရုပ်ကလေးများ လှုပ်ရှားနေသည့်သဖွယ် တွေ့နေရ၏။ ထိုစဉ်မှာပင် ခွေးဟောင်သံကြီးတသံကို ကျနော်နှင့် လက်တကမ်းအကွာခန့်က မမျှော်လင့်ဘဲ ကြားလိုက်ရလေသည်။
ချက်ချင်းဆိုသလို လာလမ်းအတိုင်း ကျနော်ပြန်ပြေးနေမိသည်။ ပြေးနေ တက်လာနေရင်းက နောက်ဆက်တွဲ ကြားရဖွယ်ရှိသည့် ခွေးဟောင်သံနှင့် သေနတ်သံများကိုလည်း နားစွင့်နေရသေး၏။ သို့သော် ဘာသံမျှတော့မကြားရ။
အားသွန်ပြီး တောင်ပေါ်ကိုပြေးတက်နေစဉ် အဖော်များကိုလည်း အပြစ်တင်မိသည်။ သူတို့သည် ကျနော့်ကိုပင် မစောင့်တော့ဘဲ တောင်ပေါ်ကို ပြေးနှင့်ကြပြီဖြစ်သည်။ သူတို့ကို အရိပ်အရောင်မျှပင် မတွေ့ရတော့။ ပြေးရင်းနှင့် စဉ်းစားသည်။ သည်အတိုင်း လူသွားလမ်းအတိုင်း ပြေးနေပါက နောက်က စစ်ခွေးလိုက်လာခဲ့သည်ရှိသော် လွတ်စရာအကြောင်း မရှိသည်ကို တွေးမိလာသည်။ ကျနော်ကြည့်ဖူးသည့် ရုပ်ရှင်ကားများထဲ၌ စစ်ခွေးကြီးများ အလိုက်ခံရသည့်အခါ အနံ့ခံပြီးမှသာ လိုက်၏။ အလိုက်ခံရသည့် ဇာတ်လိုက်က စမ်းချောင်းအတိုင်း မျှောကူးပြီးမှ သွားသောအခါ စစ်ခွေးများအဖို့ အနံ့ခံ၍ မရနိုင်တော့သည်ကို ပြေးရင်းလွှားရင်း တွေးမိလာ၏။ ထို့ကြောင့် လူသွားလမ်းကလေးအတိုင်း မပြေးတော့ဘဲ အနိမ့်ပိုင်း ချောက်ထဲသို့ ဆင်းချလာခဲ့၏။ အလဲလဲအပြိုပြိုနှင့် ဆင်းချလာနေစဉ် ကျနော့်မှာ ဆက်ပြီး မဆင်းနိုင်လောက်အောင် အမောဆို့လာရ၏။
အချိန်အတန်ကြာသည်အထိ ဒလိမ့်ခေါက်ကွေး ဆင်းချလာနေသည့်တိုင် ရေရှိသည့် စမ်းချောင်းကိုမူ အရိပ်အရောင်မျှ မတွေ့ရသေး။ ကျနော် မည်သို့မျှ မတတ်နိုင်တော့ပါ။ ထို့ကြောင့် ပြေးလို့မလွတ်လို့ သေချင်လည်း သေစေတော့ဟု ဆုံးဖြတ်ကာ သစ်ပင်တပင်၏ ခြေရင်းတွင် ပစ်လှဲချလိုက်ရ၏။ အသက်ကို ဖားဖိုထိုးသလို လေကိုရှူရှိုက်ရင်း ခွေးဟောင်သံ လူသံများကို နားစွင့်နေမိသေး၏။ သို့သော် တောကြီးတခုလုံး ကျနော့်အသက်ရှူသံများမှအပ မည်သည့်အသံမျှ မကြားရ။ သစ်ရွက်များ လေတိုးသည့်အသံများကိုသာ ကြားလိုက်ရ၏။
မိနစ်အနည်းငယ်မျှ နားပြီးမှ ကွဲသွားသည့်အဖော်များကို ကျနော် ရှာတွေ့မှဖြစ်မည်ကို တွေးမိလာသည်။ ကျနော်က တောင်ပေါ်က ပြန်ဆင်းသည့်လမ်းမှန်ကိုမသိ။ အမော မပြည့်တပြေတွင် ခေါင်းပေါ်က တောင်စောင်းပေါ် ပြန်တက်ရပြန်သည်။ တောင်ထိပ်သို့ရောက်လျှင် ခပ်မြင့်မြင့်သစ်ပင်တပင်ကို ရှာရမည်။ သစ်ပင်ပေါ်ကတဆင့် ပဟေလူနှင့် ဖွေးဘောလူရွာများရှိရာဘက်ကို ကြည့်မည်။ တွေ့လျှင် စိတ်မှန်းနှင့် တောင်ပေါ်က လမ်းရှာပြီး ဆင်းမည်ဟု စိတ်ကူးထားလိုက်၏။
တောင်ပေါ်လမ်းကလေးပေါ် ကျနော်ရောက်လာခဲ့ပြန်သည်။ လမ်းတွေ့သဖြင့် ကျနော့်မှာ ကလေးတယောက်လိုပင် ပျော်ရွှင်သွားရ၏။ ခပ်မြင့်မြင့် သစ်ပင်တပင်ကို လိုက်ကြည့်နေစဉ် လူသံကြားရသဖြင့် လှမ်းကြည့်တော့ လူသွားလမ်းချိုးကလေးဆီမှ လူနှစ်ယောက်ပေါ်လာခဲ့၏။
“ဟာ ခင်ဗျားတို့ပဲ၊ ခင်ဗျားတို့ဗျာ ကျုပ်တောင်မှ မစောင့်ကြဘူး။ ကျုပ်လည်း အသားကုန် ပြေးလိုက်ရတာ။ လူချင်းပြန်တွေ့လို့ တော်သေးတာပေါ့။ နို့မို့ ကျုပ်တယောက်တည်း တောင်ပေါ်တောထဲ ဒုက္ခဖြစ်မှာသေချာတယ်”
လမ်းပြ ကရင်ရဲဘော်နှစ်ဦးက ကျနော့်ကို မဝေခွဲတတ်သည့် မျက်လုံးကိုယ်စီဖြင့် ကြည့်သည်။ ပြီးတော့ သူတို့အချင်းချင်းလည်း ကြည့်လိုက်ကြသေး၏။
“ခင်ဗျား တောင်ပေါ်တက်ပြေးတာ ကျနော်တို့တွေ့တာပဲ။ ကျနော်တို့က လှမ်းခေါ်မယ်တောင် လုပ်သေးတာ။ ခေါ်ချိန်တောင် မရလိုက်ဘူး။ တခါတည်း တောင်ပေါ် ဒရောမျောပါး ပြေးသွားတာ။ ကျနော်တို့ရှေ့ကပဲ ခင်ဗျားပြေးသွားတာပဲဟာ။ ကျနော်တောင် စဉ်းစားနေတာ၊ ဘာပြုလို့များ ဒီလူ ဒီလောက် အရေးတကြီး ပြေးသွားပါလိမ့်ပေါ့။
“ဘာ ခင်ဗျားတို့ရော ပြေးကြတာပဲမို့လား။ ဟို ဟို အယ်လ်ဇေးရှင်းခွေးဟောင်တာ ခင်ဗျားတို့ မကြားလိုက်ဘူးလား။
“ဘယ်ကလာ ခွေးဟောင်ရမှာလဲ။ ချေတကောင် လန့်ပြီး အော်ပြီး ခင်ဗျားဘေးနားကပဲ အနိမ့်ထဲ ခုန်ချလိုက်တာပဲဟာ။
ကျနော့်ခန္ဓာကိုယ်မှာ နောက်သို့ အလိုလိုယိုင်သွားရ၏။ ကရင်ရဲဘော်နှစ်ဦး၏ မျက်နှာကိုလည်း မကြည့်ရဲတော့။ သူတို့နှစ်ဦးကလည်း ကျနော့်အခြေအနေကို အကဲခတ်ကာ ဒီကိစ္စကို ထပ်ပြီးမဟတော့။
“ခင်ဗျားနဲ့ပါလာတဲ့ ခင်ဗျားရဲဘော်လေးကတော့ ဖွေးပေါလူကို ပြန်သွားနှင့်ပြီ။ ကျုပ်တို့နှစ်ယောက် တောင်အောက်ရောက်ပြီးမှ ဗိုလ်မှူးက ခင်ဗျားပါမလာဘူးဆိုရင် မဖြစ်ဘူး၊ သွားရှာဆိုလို့ ကျုပ်တို့ ပြန်တက်လာကြရတာ။
ကျနော်က ကရင်ရဲဘော်နှစ်ဦး၏စကားကို မျက်နှာလွှဲပြီး၊ ခေါင်းငုံ့ထားပြီးမှ နားထောင်သည်။ သူတို့ကို ကျနော် မျက်နှာချင်းမဆိုင်ဝံ့လောက်အောင် ရှက်နေမိသည်။ တောင်ခြေနားသို့ ရောက်သောအခါကြမှ ပင်ပန်းချိနဲ့စွာ လျှောက်လာရင်းက ကရင်ရဲဘော်နှစ်ဦးကို လေသံပြော့ပြော့နှင်ပင် ကျနော် နှုတ်ဆက်စကား ပြောမိတော့၏။
“အေးဗျာ၊ အခုလို သက်စွန့်ဆံဖျား လိုက်ပြီး လမ်းပြကူညီတာ ကျနော် ကျေးဇူးတကယ်တင်ပါတယ်။ ဗိုလ်မှူးတူးတူးလေးကိုလည်း ပြောပြပါ။ အော် ဒါပေမဲ့ ချေဟောက်တာကို ခွေးဟောင်တဲ့အသံ အောက်မေ့ပြီး ကျနော်ထွက်ပြေးတာကိုတော့ ဘယ်သူ့ကိုမှ မပြောလိုက်ပါနဲ့ဗျာ နော”
(ဂ)
အိပ်ယာထဲတွင် နှစ်ရက်မျှ နားနေခဲ့ရသည်။
တောင်ပေါ်တွင် ပြေးခဲ့လွှားခဲ့ရသည့်ဒဏ်ကြောင့် ကျနော့်မှာ နှစ်ရက်မျှ ဖျားနာခဲ့ရ၏။ သည်ကြားထဲ မာနယ်ပလောကို ရိုက်ခဲ့သည့် ဓာတ်ပုံများကို အချိန်မီ သတင်းနယ်ပယ်သို့ ရောက်စေရန် စိတ်စောနေမိသည်။ စစ်အစိုးရ၏ လိမ်ညာဝါဒဖြန့် သတင်းစာရှင်းလင်းပွဲကို ကျနော်တို့ရခဲ့သော ဓာတ်ပုံများဖြင့် ပြန်လည်ချေပနိုင်လိမ့်မည်ဟု ကျနော်ယုံကြည်သည်။ သို့သော် နေ့စဉ် အဖျားက မကျနိုင်အောင် ဖြစ်နေသည်။ ကျနော့်စိတ်ထဲ မာနယ်ပလောကို စွန့်စွန့်စားစား သွားရောက် ဓာတ်ပုံရိုက်ခဲ့သည့် အကြောင်းကို မိတ်ဆွေများကို ဂုဏ်ယူဝံ့ကြွားစွာ အာဘောင်အာရင်းသန်သန်နှင့် ပြောပြချင်နေသည်။ ဒီကြားထဲ ကိုဗညားလေးကလည်း ကျနော့်ထံ ရောက်မလာခဲ့။ သူလည်း သူ့ပါတီကိစ္စများနှင့် အလုပ်ရှုပ်နေလိမ့်မည်ဟု ကျနော်တွေးမိသည်။
(ဃ)
နှစ်ရက်ကျော်တော့ အိပ်ယာထဲမှ ထလာနိုင်ခဲ့ပြီ။ ဒီကနေ့ဆိုလျှင် တဲပေါ်ကပင် ဆင်းလာနိုင်ပြီ။ တဲပေါ်တွင် လူမမာလာမေးကြသည့် မိတ်ဆွေတချို့ ရောက်နေ၏။ ယခုလို လူစုံချိန်တွင် ကိုဗညားလေးကို ကျနော် တောင့်တမိသည်။ ကျနော်တို့၏ မဟာစွန့်စားခန်းကြီးကို အခုလို လူစုံချိန်တွင် သူနှင့်ကျနော် အားရပါးရ ဖောက်သည်ချရလျှင် ဘယ်လောက်ကောင်းမည်နည်းဟု ကျနော်တွေးမိသည်။
ကျဆုံးသွားသော တော်လှန်ရေးစခန်းကြီး မာနယ်ပလောကို သက်စွန့်ဆံဖျား သွားရောက်ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို သတင်းဌာန တခုခုဆီ အမြန်ပို့ချင်နေပြီ။
“ဟော၊ ပြောရင်းဆိုရင်း ရဲဘော်ဗညားတောင် ရောက်လာပြီ”
ကိုယ်လုံးကိုယ်ထည်သေးသေး၊ ပိန်လျလျခန္ဓာကိုယ်ပိုင်ရှင် ကိုဗညားက တဲရှေ့ မြေကွက်လပ်တွင် လာပြီးရပ်လိုက်သည်။ ကျနော့်ကိုတလှည့် တဲပေါ်က ပရိသတ်ကိုတလှည့် ဟန်ပါပါ ကြည့်လိုက်သည်။ ရဲဘော်ဗညား၏ မျက်နှာထားကိုကြည့်ကာ ကျနော် ထိတ်လန့်တုန်လှုပ်သွားရသည်။
“သတင်းထောက် ကိုငြိမ်းဝေ ဖျားလောက်အောင် ပင်ပန်းမယ်ဆိုရင်လည်း ပင်ပန်းလောက်တာပေါ့ဗျာ”
ရဲဘော်ဗညားက ပြောလက်စ စကားကို တုံးတိတိ ရပ်ထားလိုက်၏။ သူ့အမူအယာ သူ့စကားလေသံကို ကြည့်ကာ ကျနော် ထိတ်လန့်သွားရသည်။ သဘောပေါက်သွားရသည်။ ကျနော့်မျက်လုံးတွေထဲက ထွက်လာသည့် ဒေါသမြားအစင်းစင်းသည် ရဲဘော်ဗညား၏ရင်ကို ထုတ်ချင်းခတ်သွား၏။ ရဲဘော်ဗညား ဘာမျှ ဆက်ပြီးမပြောတော့ပါ။
ရဲဘော်ဗညားက လမ်းဟိုဘက်တဲပေါ် သွားထိုင်လိုက်ပါသည်။ ခဏအကြာ တဲပေါ်မှ ထွက်ပေါ်လာသည့် ရယ်သံများကမူ ကျနော့်နှလုံးသားပေါ် လမ်းကြိတ်စက်နင်းသလို ဖြတ်နင်း မောင်းချသွားလေတော့၏။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
(ချစ်ခင်လေးစားအပ်တဲ့ မိုင်အိုက်ပုံး အကျဉ်းထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။ ချစ်ခင်ရတဲ့ညီငယ် ရဲဘော်ဗညားမှာ ယခုအခါ သြစတြေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပါသည်။ ကျနော်တို့ရိုက်ခဲ့သော ဓာတ်ပုံများကိုမူ ၁၉၉၅ ခုနှစ်အတွင်းက ထုတ်ဝေခဲ့သည့် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြနိုင်ခဲ့ပါသည်။ ယခုအခါ ကျနော်တို့ထံတွင် လက်ခံမရှိတော့သဖြင့် ဓာတ်ပုံများကိုမူ ဤဝတ္ထုတိုနှင့်တွဲလျက် တပါတည်း မဖော်ပြနိုင်တော့ပါ။)