မကွေးတိုင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်ကြားမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သား၊ ပျူစောထီးတွေနဲ့ မြိုင် ပ.က.ဖတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။
ပခုက္ကူမြို့နယ် ကျောက်စရစ်ကန်ရွာနဲ့ မြိုင်မြို့နယ် သစ်ပင်ကြီးရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲမှာ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
“ကင်းပုန်းဝပ်တာက ၁၂ ယောက်လောက် ရှိပြီး ဗုံးကြဲ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ၁၀ ယောက် လောက် ကားနဲ့ ရောက်လာပြီး ပြန်ပစ်လို့ ကျနော်တို့ဘက်က အသင့်စောင်ပြီး တိုက်ခိုက်တာ ကြောင့် ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးအပါဝင် ၄ ယောက်လောက် သေဆုံးနိုင်တယ်။”
အဲဒီ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာ သွေးကွက်တွေ တွေ့ခဲ့သလို ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးရဲ့ အပြာရောင် လက်ကိုင်ဖုန်း တလုံးကို သိမ်းဆည်းနိုင်ခဲ့ပြီး မြိုင် ပ.က.ဖ ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ဆေးပင်ကြီးရွာနားမှာ နိုဝင်ဘာ ၁ ရက် က စစ်တပ်က တိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့တဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေး ရဲဘော် ၅ ယောက်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခဲ့တာလို့ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြား အတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မြိုင်မြို့မှာ နိုဝင်ဘာ ၃ ရက် ညပိုင်းကလည်း စစ်ကောင်စီရဲ့ ဂိတ်စခန်း တခုကို မြိုင် ပ.က.ဖ က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် အပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။