Home
မြန်မာသတင်း
မြင်းခြံနှင့်ဘုတလင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၇ ဦးသေ၊ ၄၀ ကျော် ဒဏ်ရာရ
DVB
·
April 24, 2024
myin 2442024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ၇ ဦးသေပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger-MBT တပ်ဖွဲ့က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၂ ရက် မနက် ၈ နာရီမှာ သိမ်တိုင်ရွာနဲ့ ရွာသစ်ရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကြောင်းတို့ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ဆုတ်ခွာပြီးနောက် ဆုတ်ခွာသွားတဲ့ စစ်ကြောင်းနဲ့ မရိုးကုန်းရွာ အနောက်ဘက်မှာ ၁ နာရီကြာ တိုက်ပွဲထပ်မံဖြစ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက အတည်ပြု ပြောပါတယ်။

“သေဆုံးတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ဖောကားနဲ့ လာသယ်သွားတယ်။ ၇ ယောက် သေတာကိုတော့ အတိအကျသိရပါတယ်။ ဒဏ်ရာရ ၃၀ နီးပါးကိုတော့ ကျ‌ေနာ်တို့ မျက်မြင်ပါ။ အခုဒဏ်ရာရတဲ့သူတွေက ဆမိတ်ခုံ အထိုင်တပ်ကို သယ်သွားပါတယ်။ စစ်ကြောင်း အခြေအနေက ရှုပ်ထွေးနေပါတယ်။”

တိုက်ခိုက်မှုကို MBT တပ်ဖွဲ့၊ ငါးဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့နဲ့ မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF) တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၀ ရက်ကစပြီး ၂၂ ရက် မနက်ပိုင်းအထိ မြင်းခြံမြို့နယ် ကျေးရွာ ၇ ရွာက အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၃,၀၀၀ ကျော်လည်း အရေးပေါ် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မြင်းခြံမြို့နယ် ပကဖထံက သိရပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာအနီးမှာ ဧပြီ ၂၂ ရက် မနက် ၇ နာရီအချိန်က စစ်ကောင်စီတပ်နဲ့ ဘုတလင်ဒေသခံပြည်သူကာကွယ်‌ရေးတပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင် ပြည်သူကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဘုတလင်မြို့က‌နေ ညောင်ပင်ကန်ရွာဘက်ကို မိုင်းရှင်းလင်းရေးလုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကြောင်းကို ပြည်သူကာကွယ်ရေးတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

“သူတို့စခန်းထဲကနေ ထွက်လာတာကို သတင်းရလို့ အသင့်စောင့်ပြီး လက်ဦးမှု ရယူပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပြီး ကျနော်တို့ဘက်က အထိအခိုက် မရှိခဲ့ဘူး။ စစ်ကောင်စီဘက်ကတော့ ၁၂ ဦး ဒဏ်ရာရရှိပြီး ၅ ဦးက အပြင်းအထန်ဒဏ်ရာရရှိတယ်လို့ အတွင်း ဖရဲသီးဆီကနေသိထားရတယ်” လို့ ဘုတလင် ပအဖတာဝန်ရှိသူ တဦးက ပြောပါတယ်။

အခု တိုက်ပွဲဖြစ်ပွားရာနေရာဟာ စစ်ကောင်စီ အထိုင်ချတပ်စွဲနေတဲ့ ဘုတလင်မြို့နဲ့ ၃ မိုင်ပဲ ဝေးတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေကို ထုတ်ပြန်တာ မရှိသေးသလို DVB အနေနဲ့လည်း သီခြားအတည်မပြုနိုင်သေးပါဘူး။

အခုတိုက်ပွဲကို ဘုတလင်မြို့နယ်(ပကဖ)၊ ဘုတလင်မြို့နယ်တိုက်နယ်-၂ အဖွဲ့၊ ဘုတလင်မြို့နယ် မဟာမိတ်အဖွဲ့နဲ့ ဘုတလင်မြို့နယ် ယမ်းဘီလူးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013