Home
ဆောင်းပါး
အမှားပြင်ဆင်နိုင်မှု၊ တရားဝင်မှုနှင့် အရည်အချင်းကြည့် ရွေးချယ်မှု
DVB
·
November 4, 2022
307622184_700992497619278_4653975552371179314_n

အောက်တိုဘာလနှောင်းပိုင်း အာရှသား ‘ရီရှီ ဆူနက်ခ်’ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာတာရယ်၊ အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်ပိတ်ပွဲမှာ သမ္မတဟောင်း ဟူကျင်ထောင်ကို ဆွဲထုတ်သွားတဲ့ ဖြစ်ရပ်တွေက ကမ္ဘာ့နိုင်ငံရေးတွေ စနစ်တွေနဲ့ ပတ်သက်လို့  ပြောစရာ၊ တွေးစရာတွေ ဖြစ်ကျန်ခဲ့ပါတယ်။

၂၁ ရာစုမှာ စိန်ခေါ်မှုတွေ ပိုများလာတာနဲ့အမျှ ဘယ်စနစ် ဘယ်ဝါဒမှ မတည်ငြိမ်ပြီး ပြည့်စုံကောင်းမွန်တယ် မရှိ၊ လူအများဆန္ဒကို ကျေနပ်အားရအောင် ဖြည့်ဆည်းပေးနိုင်မှုတွေ မရှိတာကြောင့် အစိုးရတွေအပေါ် ယုံကြည်မှုတွေ ပိုနည်းလာနေတာလည်း ကမ္ဘာနဲ့အဝန်းပါပဲ။ ရာစုချီ ချီတက်လာတဲ့ ဒီမိုကရေစီစနစ်မှာကို အမှားမှားအယွင်းယွင်းတွေ၊ ဘက်ပေါင်းစုံ တိုက်ခိုက်ခံရမှုတွေ၊ ဘက်ပြန်မှုတွေနဲ့ အကြီးအကျယ် စိတ်ပျက်မှု ကြုံနေရချိန်ပါ။ ဒါပေမဲ့ ဝင်စတန်ချာချီပြောတဲ့ “ဒီမိုကရေစီဟာ အဆိုးဆုံး အစိုးရစနစ်ဆိုသော်လည်း အခြားသော စနစ်တွေက သမိုင်းတလျှောက် သူ့ထက် ကမ်းကုန်အောင် ဆိုးပြခဲ့ပြီးပြီ..” ဆိုတဲ့စကားက ပြီးခဲ့တဲ့လ ဗြိတိန်ပါလီမန်နဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံရဲ့ မြင်ကွင်းတွေ ခေါင်းဆောင်ရွေးချယ်ပုံတွေအပေါ် ထင်ဟပ်နေဆဲပါ။ ဒီမိုကရေစီဟာ မနမ်းချင်တောင် ပင့်သက်ရှူရမယ့် ပန်းတပွင့်ဖြစ်နေဆဲ…။

ဒီမိုကရေစီစနစ်ရဲ့ အားသာချက်တခုက အစိုးရအဖွဲ့တွေရဲ့ အမှားကို ပြင်ဆင်နိုင်မှု (self-correcting) ပါ။ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲကဖြစ်စေ ပါလီမန်ကဖြစ်စေ ကြီးကြီးမားမား အမှားလုပ်မိတဲ့ ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ကို အချိန်မီပြောင်းလဲပြီး  အသစ်ပြန်ဖွဲ့နိုင်တာပါ။ အများလက်မခံနိုင်တော့တဲ့ ခေါင်းဆောင်ကို မဖြစ်မနေ နုတ်ထွက်သွားအောင် ဖိအားပေးနိုင်တယ်။ ဒါကို တနည်းအားဖြင့် ဒီမိုကရေစီဖြစ်စဉ်မှာ ၎င်းဘာသာ အသစ်ပြန်သနိုင်မှု (self-renewal)နဲ့ ရွေးချယ်နိုင်မှု (choices) ရှိတယ်လို့ ဆိုတာပါပဲ။ ဒါကပဲ မူမမှန်တဲ့ အမျိုးမျိုးသော အာဏာရှင်စနစ်တွေနဲ့ အဓိကကွာခြားမှုလို့ ဆိုရမှာပါ။

ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက် အမှားတွေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဇူလိုင် ၇ ရက်နေ့မှာ နုတ်ထွက်ခဲ့ရတယ်။ စက်တင်ဘာ ၆ ရက်နေ့မှာ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ် လဇ်ထရပ်စ် တက်လာပြီး ဒုတိယ မာဂရက်သက်ချာ ‘သံမဏိလေဒီ’ ဖြစ်လာမလားလို့ အများက မျှော်လင့်ခဲ့ပေမဲ့ စွမ်းအင်ပြဿနာ၊ ဘတ်ဂျက်စီမံခန့်ခွဲမှုအမှားနဲ့ နှစ်လတောင်မပြည့် ရက် ၅၀ နဲ့ ရာထူးက နုတ်ထွက်လိုက်ရပြန်တယ်။ အောက်တိုဘာ ၂၅ မှာတော့ အသက် ၄၂ နှစ်ပဲ ရှိသေးတဲ့ ဗြိတိန်ဖွား အိန္ဒိယသား ရီရှီ ဆူးနက်ခ် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတယ်။

ဆူးနက်ခ်အကြောင်းကို သတင်းဌာနတွေ ဆိုရှယ်မီဒီယာတွေမှာ ဝေဝေဆာဆာရေးတာ တွေ့ရပါတယ်။ အော့စ်ဖို့ဒ်တက္ကသိုလ်က PPE နဲ့ ဘွဲ့ရ (ကျနော် အားကျတဲ့ ဘာသာရပ်အတွဲ- philosophy, politics, economics)၊ စတန်းဖို့ဒ်တက္ကသိုလ်က MBA ဘွဲ့ရ၊ အိန္ဒိယ Infosys အိုင်တီကုမ္ပဏီပိုင်ရှင်ရဲ့ သမက်၊ ရင်းနှီးမြှုပ်နှံလုပ်ငန်းနဲ့ ကိုယ်တိုင် ကြွယ်ဝချမ်းသာသူ၊ ၂၀၁၅ မှာ အမတ်ဖြစ်လာ၊ ဘောရစ်ဂျွန်ဆင် အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ကိုဗစ်လော့ခ်ဒေါင်းကာလ ဗြိတိန်စီးပွားရေး ကိုင်တွယ်နိုင်လို့ ပိုမိုကျော်ကြားလာသူ စသဖြင့်..။ နောက်ဆုံးတော့ လုပ်ရည်ကိုင်ရည်နဲ့ ခေါင်းဆောင်မှုစွမ်းရည်ရှိသူက ဘာလူမျိုးဖြစ်နေနေ ဗြိတိန်ရဲ့ အမြင့်ဆုံးရာထူး ရရှိသွားတာ သမိုင်းဝင်ဖြစ်ရပ်ပါပဲ။

ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်ရှေ့ သူ့ပထမဆုံးမိန့်ခွန်းမှာ နုတ်ထွက်သွားတဲ့ လဇ်ထရပ်စ် အစိုးရဟာ ရည်ရွယ်ချက်ကောင်းတွေရှိပေမဲ့ အမှားတွေလုပ်ခဲ့တယ်၊ အဲဒီအမှားတွေကို သူ ပြုပြင်သွားမယ်လို့ ပြောတယ်။ မဇ္ဈိမသား ဆူးနက်ခ်အနေနဲ့ အဲဒီအမှားတွေကို တကယ်ပဲ ပြုပြင်နိုင်မလား၊ ဂရိတ်ဗြိတိန်ရဲ့ ကြီးမားများပြားလှတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား ပဲ့ကိုင်ပေးနိုင်မလား… သူ့ရှေ့က ဝန်ကြီးချုပ်တွေရဲ့ ကံကြမ္မာမျိုး ထပ်ကြုံတွေ့ရဦးမလား ဆိုတာတော့ ကာလတခု စောင့်ကြည့်ရမှာပါ။ ခြေမပေါ်ရင်လည်း နောက်တယောက် ပြောင်းကြပေမပေါ့…။

တရားဝင်မှု  အငြင်းပွားစရာ

ဗြိတိသျှပါလီမန်ထဲမှာ စီးပွားရေးပြဿနာတွေကနေ ကိုယ်ရေးကိုယ်တာ ဝေဖန်စရာတွေအထိ ဝန်ကြီးတွေ၊ အမတ်တွေ အားမနာတမ်း ပြောဆိုမေးမြန်းကြ၊ ရယ်မောကြ၊ ဝန်ကြီးချုပ်တွေကလည်း ထရှင်းတန် ရှင်း၊ နုတ်ထွက်သူထွက်၊ အသစ်တက်သူတက် သောသောညံအောင် စည်ကားနေတာ ရုပ်သံသတင်းတွေထဲ တွေ့ကြမှာပါ။ အဲဒီလိုအချိန်  မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကြီးရဲ့ အောက်တိုဘာ ၁၆ ရက်ကနေ ၂၂ ရက်အထိ တပတ်ကျင်းပတဲ့ (၂၀) ကြိမ်မြောက် ကွန်မြူနစ်ပါတီညီလာခံကိုလည်း တကမ္ဘာလုံးက စောင့်ကြည့်စရာ ဖြစ်ခဲ့တယ်။ ရှီကျင့်ဖျင်က ၂၀၁၈ ညီလာခံကတည်းက အာဏာသက်တမ်း နှစ်ကြိမ် သတ်မှတ်ထားတဲ့ အခြေခံဥပဒေ ကန့်သတ်ချက်ကို ဖျက်သိမ်းပြီး အာဏာရာသက်ပန်ယူနိုင်ဖို့လည်း လမ်းဖွင့်လိုက်တယ်။ အခုညီလာခံမှာ ထိပ်တန်းရာထူး သုံးနေရာ (ပါတီအထွေထွေအတွင်းရေးမှူး၊ သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ) ကို တတိယသက်တမ်း ၅ နှစ် တိုးယူလိုက်ပါတယ်။

တရုတ်အစိုးရနဲ့ပတ်သက်လို့ အမြဲကာကွယ်ပြောတဲ့ စတန်းဖို့ဒ်တက္ကသိုလ် MBA ဘွဲ့ရ ပညာရှင်နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် အဲရစ်လီ (Eric X. Li) က နှစ် ၄၀ ကျော်အတွင်း တရုတ်တို့ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးဖြစ်လာတာ အချက်သုံးချက်ကြောင့်လို့ ပြောလေ့ရှိတယ်။ တရားဝင်မှု (legitimacy)၊ အရည်အချင်းရှိသူကို ရွေးချယ်မြှောက်စားမှု (meritocracy)၊ ခေတ်အခြေအနေနဲ့အမီ ဆောင်ရွက်နိုင်မှု (adaptability) တို့ပါ။ သူက အနောက်ဒီမိုကရေစီကို အမြဲဝေဖန်သူပါ။ အစိုးရတခုရဲ့ တရားဝင်မှုဆိုတာ ဒီမိုကရေစီ သဘောအရ ရွေးကောက်ပွဲကနေပဲ လာရတာပါ။ ဒါကို သူက လက်မခံဘူး။ တရုတ်အစိုးရကို ရွေးကောက်ပွဲပြင်ပ တခြားသော တရားဝင်မှုပုံစံတခုလို့ ပြောတယ်။ သမိုင်းကြောင်းရှိတဲ့ ကွန်မြူနစ်ပါတီရဲ့ တရားဝင်ထောက်ခံမှုနဲ့ တရုတ်အစိုးရဟာ အောင်မြင်နေတယ်။ အခြေခံ လူထုရွေးကောက်ပွဲပုံစံကလာတဲ့ တရားဝင်မှုကိုချည်း မကြည့်ပါနဲ့လို့ ပြောပါတယ်။

ဟုတ်ပြီ၊ သူ ပြောတဲ့ တရုတ်နည်း တရုတ်ဟန် တရားဝင်မှုပုံစံဟာ အခု ရှီကျင့်ဖျင် တတိယသက်တမ်း ၅ နှစ် တိုးယူမှုမှာ အမှန်တကယ် တရားဝင်ရဲ့လား။ အခြေခံဥပဒေအရ သက်တမ်းနှစ်ကြိမ်ကို ပယ်ဖျက်ပြီး တသက်တာ အာဏာယူဖို့လုပ်တာ တရားဝင်မှုရှိသလား။ များပြားလှတဲ့ ကွန်မြူနစ်ပါတီဝင်တွေက ထောက်ခံမှုပေးတယ်ဆိုပေမဲ့ ထကန့်ကွက်ရဲသူကော ရှိပါ့မလား။ လက်ရှိ တရုတ်အစိုးရရဲ့ တရားဝင်မှုပုံစံအပေါ် မေးခွန်းထုတ်စရာတွေ ရှိပါတယ်။

အခု ပါတီညီလာခံပိတ်ပွဲနေ့မှာပဲ ရှီကျင့်ဖျင်နဲ့ သဘောထားကွဲလွဲတဲ့ သမ္မတဟောင်း ဟူကျင့်ထောင်ကို ခန်းမထဲက ဆွဲထုတ်သွားတာဟာ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းပါတယ်။ ကွန်မြူနစ်ပါတီညီလာခံတွေမှာ ထိန်းထေမှု (checks and balances) လုပ်ဖို့နဲ့ တရားဝင်မှုဖြစ်စေဖို့ ပါတီကေဒါဟောင်းလူကြီးတွေ၊ သမ္မတဟောင်း၊ ဝန်ကြီးချုပ်ဟောင်းတွေကို နေရာပေးထားလေ့ရှိပါတယ်။ တရုတ်ထုံးစံ အဖေကြီး အစ်ကိုကြီးတွေကို နေရာပေး သဘောထားယူ အဆုံးအမခံတဲ့ သဘောမျိုးပါပဲ။ ဒါပေမဲ့ အခုညီလာခံမှာ သမ္မတဟောင်း ဟူကျင့်ထောင်ကို ကြည့်ရှုမကောင်းအောင် ဆွဲထုတ်သွားတာကို ဘယ်ပါတီလူကြီးကမှ ထ နှုတ်မဆက်ရဲ မျက်နှာသေတွေနဲ့ မျက်နှာလွှဲနေကြတာ။ ကျန်းမာရေးမကောင်းလို့ ခေါ်ထုတ်ရတယ်လို့ အကြောင်းပြရင်လည်း သမ္မတဟောင်းတဦး၊ ကိုယ့်ပါတီအစိုးရ ခေါင်းဆောင်တဦးရဲ့ ကျန်းမာရေးကိစ္စ အားလုံး ထနှုတ်ဆက် လေးစားမှု ပြရမှာမျိုးပါ..။

ရှင်းရှင်းပြောရရင်တော့ အာဏာကိစ္စမှာ ဗြိတိသျှပါလီမန်က တသောသော  ရယ်မောနိုင်ကြပေမဲ့ ပါတီဝင်များလှတဲ့ တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်ကတော့ မသာအိမ်လို စိတ်မသက်သာစရာပါ။

အရည်အချင်းကြည့်ရွေးချယ်မှု

အဲရစ်လီ ပြောတဲ့ ဒုတိယအချက် အရည်အချင်းရှိသူကို နေရာပေးခြင်းဟာလည်း ရှီရဲ့ တတိယသက်တမ်း လူရွေးချယ်မှုမှာ ပြောစရာတွေ ဖြစ်နေတယ်။ တရုတ်အုပ်ချုပ်ရေး သမိုင်းကြောင်းအရ အရည်အချင်းရှိသူ ရွေးချယ်မြှောက်စားမှုစနစ် (meritocracy) က အမြဲအရေးပါခဲ့တယ်။ တရုတ်မင်းဆက်ပေါင်းများစွာရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ခက်ခဲတဲ့စာမေးပွဲ ကျင်းပပြီး အဆင့်မြင့်အရာရှိ အရာထမ်းတွေ ရွေးချယ် နေရာပေး ခန့်ထားလေ့ရှိတယ်။ အစိုးရဗျူရိုကရေစီ အဆင့်ဆင့်မှာ အရည်အချင်းရှိသူကို ရွေးချယ်မြှောက်စားတဲ့စနစ်က တရုတ်ကစတယ်လို့တောင် ပြောစမှတ်တွင်ပါတယ်။

၁၉၇၈ တိန့်ရှောင်ဖျင် တက်လာပြီး တံခါးဖွင့်စီးပွားရေး လုပ်ခဲ့တဲ့နောက် အမျိုးသမီးတွေ အပါအဝင် အရည်အချင်းရှိသူ အမြောက်အမြားနဲ့ လုပ်ငန်းရှင်တွေ ပါတီထဲအထိ နေရာရလာတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ညီလာခံမှာ ရှီကျင့်ဖျင်က အရည်အချင်းကြည့်မှုထက် သစ္စာခံမှု (loyalty) ကို ပိုအလေးပေးခဲ့တယ်။ သူ့ကိုသစ္စာခံတဲ့ လက်မရွံ့အုပ်စုက ပါတီ၊ စစ်တပ်၊ အစိုးရနဲ့ အရာရာကို ထိန်းချုပ်သွားပါလိမ့်မယ်။ သေချာတာကတော့ ရှီအုပ်စုနဲ့  ရှီအတွေးအခေါ် ဆိုတာရဲ့ အချုပ်က တရုတ်ကို အာဏာရှင်စနစ်ဆီ အတိအကျ ပြန်လှည့်သွားဖို့ ရည်ရွယ်တာပါပဲ..

လိုက်လျောညီထွေရှိမှု

အဲရစ်လီ ပြောတဲ့ တတိယအချက်၊ ခေတ်အခြေအနေနဲ့အမီ ဆောင်ရွက်နိုင်မှု (adaptability) ကလည်း ရှီရဲ့ ပြီးခဲ့တဲ့သက်တမ်းတွေမှာကို ပြောစရာတွေ ရှိနေတာပါ။ တကယ်တမ်း တရုတ်၊ တောင်ကိုရီးယားတို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကိုစီးပြီး အလျှင်အမြန် တိုးတက်ခဲ့တာ။ အနောက်ကဖော်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆေးဟာ အနောက်အတွက် မဖြစ်ဘဲ တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေအတွက် အားတိုးဆေး ဖြစ်ခဲ့တာပါ။ နည်းပညာဖွံ့ဖြိုးမှု၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ supply chain နဲ့ outsourcing လုပ်ငန်းတွေကတဆင့် တရုတ်ဟာ အားလုံး ထိတ်လန့်လောက်အောင် ကြီးကျယ်လာခဲ့တယ်။

အဂတိလိုက်စားမှုပြဿနာတွေ နိုင်ငံအနှံ့ ရှိပေမဲ့ သမ္မတ ဟူကျင့်ထောင်ခေတ်ဟာ တရုတ်တို့ရဲ့  ဖွံ့ဖြိုးမှုနဲ့ လွတ်လပ်မှုအရှိဆုံး အကောင်းဆုံးရွှေခေတ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ပါတယ်။ အခု ရှီကျင့်ဖျင်က တရားဝင်မှုပြဿနာရှိနေတဲ့ တတိယသက်တမ်းမှာ တရုတ်အမျိုးသားရေးဝါဒ ရှေ့တန်းတင်ပြီး ကမ္ဘာနဲ့ပတ်ရန်ဖြစ်တော့မလား၊ အိမ်နီးချင်းတွေအပေါ်  ပိုပြီး ဗိုလ်ကျလာမလားဆိုတာ မကြာခင် ရုပ်လုံးပီပြင်လာမှာပါ…။

ရဲမြင့်ကျော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024