ဒီမနက် ရေနွေးကြမ်းဝိုင်းဆုံရပ်ကား အဘရစ်ချတ်တို့အိမ်မှာ ဖြစ်ပါ၏။ ဆုံနေကျလူတွေ ဆုံရပ်နေရာ ရွှေ့လာကြတယ်ဆိုပါတော့ခင်ဗျာ။ အဘရစ်ချတ်အိမ်က ပုကွကွ အုန္နဲပင်ကြီးအရိပ်ကလည်း အေးတာပါပဲလား။ အဲသည်အရိပ်အောက်မှာ နေပြောက်တောင် တိုးမဝင်နိုင်အောင်ပင် အရွက်တွေက စိပ်လှပါပေ၏။ အပင်ပေါ်မှာလည်း ငှက်ကလေးတွေ၏ စကားဝိုင်းပါခင်ဗျ။
ဒီမနက်စကားဝိုင်းမှာ အဘရစ်ချတ်ရယ်၊ အဘမူးသာရယ်၊ အဘလုံးတုံးရယ်၊ အဘစိမ်းမောင်ရယ်၊ လေရှီးက ဖေကြီးရယ်ပါ ခင်ဗျ။ စကားဝိုင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်တဲ့အကြောင်း၊ စပါးတွေ မအောင်တော့လို့ စက်နဲ့ရိတ်ပစ်နေရတဲ့အကြောင်း၊ ဒီတော့ တရွာလုံးအထိနာပြီး ပိုပြီးကျပ်တည်းလာပြီဖြစ်တဲ့ အကြောင်းတွေကို စိတ်မချမ်းမြေ့စရာ ကြားရပါ၏။
“ရာသီဥတုကလည်း ဆိုးဝါးလိုက်တာ၊ စပါးခင်းတွေ ရေမသောက်ရတော့ မအောင်တော့ဘူး။ ပဲစိုက်ရာသီ ရောက်လာပြီဆိုတော့ မအောင်တဲ့စပါးခင်းတွေ တရွာလုံး အကုန်ရိတ်ပစ်ပြီး ပဲကြဲဖို့ ထွန်နေကြရပြန်ပြီဟ”
“မိုးစပါးမရလည်း ဆောင်းမှာ မတ်ပဲလေးရခဲ့ရင်တော့ အဆင်ပြေမယ်မှန်းပြီး လုပ်ကြရတာပါပဲကွာ”
“ဟူး . . . . . .”
အဘရစ်ချတ်နှင့် အဘစိမ်းမောင်တို့ ပြောစကားများကို နားထောင်ပြီး အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က တဦးကိုတဦး ကြည့်ကာ ပြုံးကြပါ၏။ သူတို့နှစ်ဦးမှာ ပြောစရာစကား ရှိထားပုံရပါ၏။ အဘစောမူးသာက စကားစပါ၏။
“အင်း . . . ရာသီဥတုဖောက်ပြန်ချက်ကတော့ လက်ကိုလန်နေတာပဲ လုံးတုံးရ”
“အေးကွ . . . . မင်းကောင်းမင်းမြတ်တွေ အုပ်ချုပ်တဲ့တိုင်းပြည်မှ မိုးမှန်လေမှန် ရာသီဥတု မဖောက်ပြန်တာလို့ ရှေးလူကြီးတွေက မိန့်ဆိုခဲ့ကြတာပဲဟ”
“အမှန်ပေါ့ မူးသာရာ . . ‘မင်းဆိုးမင်းညစ်’ တွေ သက်ဦးဆံပိုင်လို သတ်ချင်တိုင်းသတ် ဖြတ်ချင်တိုင်းဖြတ် ထင်တိုင်းကြဲ အုပ်စိုးနေတဲ့နိုင်ငံတွေမှာ ရာသီဥတုဖောက်ပြန်တာကတော့ ရာဇဝင်တွေထဲမှာ စာနဲ့ပေနဲ့ကို အတိအကျ ရှိပါသဗျ”
အဘစောမူးသာနှင့် အဘလုံးတုံးတို့နှစ်ဦး၏ အတိုင်အဖောက်ကို အဘစိမ်းမောင်က မျက်မှောင်ကြုတ်ကာ ကြည့်နေပါလေ၏။ အဘရစ်ချတ်က ဖေကြီးကိုကြည့်ကာ အဓိပ္ပာယ်ပါပါ အသာ ပြုံးပြပါလေ၏။
အဘစိမ်းမောင်ကား တခုခုကိုပြောဖို့ ပါးစပ်ပြင်နေသလိုပါပေ။ သူတို့ကိုးကွယ်နေသည့် ကြင်စိုး သာဝ မအလကို ‘မင်းဆိုးမင်းညစ်’ ဟု အပြောမခံနိုင်ပုံကို သူ့မျက်နှာမှာ ဖော်ပြနေပါလေ၏။ ခဏအကြာ အဘစိမ်းမောင်ထံမှ စကားသံ ထွက်ကျလာပါ၏။
“ရာသီဥတုဟာ ရာသီဥတုပဲကွ၊ လူနဲ့ဘာမှမဆိုင်ဘူး။ မင်းတို့အခုကြည့်လေ . . . တကမ္ဘာလုံးမှာ ရာသီတွေ ဖောက်ပြန်နေတာ”
“ဟားဟား ဟားဟား ဟားဟား . . . အေးကွ . . . တကမ္ဘာလုံးက နိုင်ငံအတော်များများမှာ ‘မင်းယုတ်မင်းညစ်’ တွေ တက်နေပုံပဲဗျား”
“ဟားဟား ဟားဟား ဟားဟား . . .”
‘ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ’ ကိန်းကို ဆိုက်လာပြီးသကာလ အဘစိမ်းမောင်ကား ကျန်လူများ၏ ‘တဝါးဝါး’ ရယ်သံအောက်မှာ ရှူးရှူးရှားရှား ဖြစ်လာပါလေတော့၏။ ပြီးတော့ ဘာတွေမှန်းမသိ ‘လွှတ်’ ပါလေတော့၏။
“မင်းတို့ကောင်တွေ ‘မြဝတီ’ သတင်းတွေ ပုံမှန်ကြည့်ကြကွ”
“ဟေ . . . ဘာဖြစ်လို့လဲ စိမ်းမောင်ရ”
“ဘာဖြစ်ရမလဲဟ . . . အဲသည်မှာ အခု တရားဥပဒေနဲ့အညီ အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ‘အမျိုး ဘာသာ သာသနာ’ အကျိုးအတွက် မနေမနား ကြိုးစားသယ်ပိုး ထမ်းရွက်နေတဲ့ဟာတွေ မြင်ရမယ်ကွ”
“ဟေ . . . ဟုတ်လားဟ”
“သူဟာ အာဏာမသိမ်းချင်ဘဲ သိမ်းခဲ့ရတယ် . . . သိမ်းပြီးတော့လည်း နိုင်ငံနဲ့ လူထုအတွက် နေ့မအား ညမနားကို အလုပ်တွေ ဖိဖိစီးစီး လုပ်ပေးနေတယ်”
“အင်း . . . တယ်တော်တဲ့ပုဂ္ဂိုလ်ပဲ”
“အေးကွ . . . အရင်အစိုးရအဆက်ဆက်မှာ မအောင်မြင်ခဲ့တာတွေကို သူက အောင်မြင်အောင် လုပ်နေတယ်။ အရင်ခေတ်အဆက်ဆက် တိုင်းပြည်မှာ မရှိခဲ့တာတွေကို သူ ရအောင် ကြိုးစားနေတယ်ကွ”
အဘစိမ်းမောင်၏ စကားလုံးများကို ကျန်အဘများက ခပ်တည်တည်နှင့် ရုပ်တည်တည်နှင့် မင်သေသေ ‘ထောက်’ ပေးနေလေရာ အဘစိမ်းမောင်ကလည်း ဆက်လက်၍ ‘ပွား’ ပါလေတော့၏ ခင်ဗျာ။
“အေးကွ စိမ်းမောင်ရ . . . အခုအချိန်မှာ အရင်ခေတ်အဆက်ဆက် တိုင်းပြည်မှာ မရှိခဲ့တာတွေကို ဖန်တီးနေတယ် ဆိုတော့ . . .”
“ဒီလိုလေကွာ မူးသာရ . . . ပြောရရင်တော့ ဥပမာကွာ ‘လျှပ်စစ်မြေအောက်ရထား’ တို့၊ ‘နျူးကလီးယား’ တို့၊ ကမ္ဘာပေါ်မှာ အကြီးဆုံး ‘ကျောက်တော်ကြီး’ ဘုရားတို့ ဘာတို့ပေါ့ဟ”
“အေးဟ . . . မင်းပြောတော့လည်း အဟုတ်သားပါလားကွ . . . ဟ ဟ”
အဘစိမ်းမောင် မျက်နှာကား မှုန်တေတေမှသည် ကျေနပ်မှု ပီတိတွေနှင့် ဖုံးလွှမ်းလာပါလေ၏။ ဤပီတိကား ဘယ်နှမိနစ်များ ခံလေမည်လဲဆိုတာကို ဟိုအဘတွေ မျက်နှာသွင်ပြင်မှာ အကဲခတ်ကာ ဖေကြီး ရှာဖွေနေမိပါလေ၏ ခင်ဗျာ။
ခဏနေတော့ အဘစောမူးသာက မျက်နှာပိုးသတ်ကာ မင်သေသေနှင့်ပင် စကားဆက်လာပါလေတော့၏။
“အေးကွ . . အရင်ခေတ်အဆက်ဆက် တိုင်းပြည်မှာမရှိတာတွေ ရှိလာတာတော့ အမှန်ပဲ”
“အေးပေါ့ကွ . . . မင်းကောင်းမင်းမြတ်တွေဆိုတာ ဒီလိုလူမျိုးတွေပေါ့ မူးသာရ . . .”
အပြုံးမျက်နှာနှင့် အရွှင်စကားလုံးများကို အဘစိမ်းမောင်ထံမှ ကြားရပါလေ၏။
“အမှန်ပဲကွ . . . မအလလက်ထက် တိုင်းပြည်မှာ အသစ်ပေါ်ထွန်းလာတာတွေကတော့ အများကြီးပါပဲ လုံးတုံးရာ”
“စိမ်းမောင်ပြောတဲ့ ‘လျှပ်စစ်ရထား’ တို့၊ ‘နျူးကလီးယား’ တို့ ရအောင်လုပ်မယ်ပေါ့ကွာ၊ အခုတော့ မဖြစ်သေးဘူးပေါ့”
“မကြာခင် ဖြစ်လာမှာပေါ့ လုံးတုံး ရ”
အဘစိမ်းမောင်က မအလ၏စကားများကို လုံးဝဥဿုံ မဘုတ်ဆုံ ဆိုသလို ‘ယုံ’ လွန်းလှသူ ‘စိမ်းသရဖူစိမ်း’ ကိုး ခင်ဗျ။ အဘစောမူးသာတို့၊ အဘလုံးတုံးတို့၊ အဘရစ်ချတ်တို့က တဦးမျက်နှာတဦးကြည့်ကာ ပြုံးကြပါလေပြီးသကာလ မအလလက်ထက်တော်မှာ အသစ်ပေါ်ပေါက်လာသည့် အရာများကို ဆက်လက်၍ ပြောပြလာကြပါတော့၏။
“မင်းကောင်းမင်းမြတ်ကြီး မအလလက်ထက်တော်မှာ နိုင်ငံတော်အနာဂတ်အတွက် အကျိုးပြုမယ့် အရာအသစ်တွေ ပေါ်လာတာမှ အများကြီးပေါ့ကွ”
“ဘာတွေများလဲ မူးသာရ”
အဘလုံးတုံး၏အမေးကို အဘစောမူးသာက ဤသို့ ဖြေကြားလာပါလေတော့၏။
“နံပါတ်တစ် - တတိုင်းပြည်လုံးက ပြည်သူလူထုဟာ စစ်သင်တန်းတွေတက်ရောက်ပြီး စစ်ပညာတွေ တတ်ကျွမ်းကုန်ကြတယ်”
“ဟေ . . . . . .”
“နံပါတ်နှစ် - ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း . . . စတဲ့ တိုင်းရင်းသားတပ်တွေ ပူးပေါင်းပြီး သွေးစည်းကုန်ကြတယ်”
“အဲ . . . . . .”
“နံပါတ်သုံး - အရင်က လက်နက်ခဲယမ်း ထုတ်လုပ်တဲ့ ‘ကပစ’ အနည်းငယ်သာရှိခဲ့ရာက အခုကျတော့ တိုင်းနဲ့ပြည်နယ်အနှံ့ ဒေသတိုင်းမှာ GZ တွေရဲ့လက်နက်စက်ရုံတွေ ရှိလာပြီလေ”
“အေး . . . . . . .”
“နံပါတ်လေး - ဟိုအရင်က ခေတ်အဆက်ဆက် မကြံဆနိုင်တဲ့ ခေတ်မီ Drone လေတပ်တွေ နေရာဒေသအနှံ့မှာ အောင်အောင်မြင်မြင် ပေါ်ထွန်းလာခဲ့ပြီ”
“အဟုတ်ပါလား ဟကောင်ရ . . .”
ကျန်အဘများ၏ အချီအချ စကားဝါကျတွေကြားမှာ အဘစိမ်းမောင် မျက်နှာကြီးကား နီမြန်းရာမှ မည်းလာနေပြီ ဖြစ်ပါ၏။ ထုံးစံအတိုင်း ရေနွေးကြမ်းခွက်ကို ဒေါသတကြီး ဆောင့်ချကာ ပြန်ပြေးရန်ပြင် ဖင်တကြွကြွဖြစ်နေပြီ ဖြစ်ပါပေတော့၏။
“နံပါတ်မှာငါး - များမကြာမီ နိုင်ငံတော်သစ်အတွက် ‘Federal Army’ ကြီးတောင်မှ ပေါ်ပေါက်လာတော့မယ့် လက္ခဏာပဲဗျား”
“ဟားဟား ဟားဟား ဟားဟား . . .”
“ဝါး ဟားဟား ဟားဟား ဟားဟား . . .”
တိုင်ပင်မထားကြပါဘဲ အုံးအုံးထ ရယ်လိုက်ကြတာ အုန္နဲပင်ပေါ်က ငှက်ကလေးများပင် တဝေါဝေါ လန့်ပျံပြေးကြသည်အထိပါ ခင်ဗျ။
အဘစိမ်းမောင်ကား မျက်နှာကြီးမည်းညစ်လျက် ရှေ့က ရေနွေးခွက်ပူပူကြီးကို ရုတ်တရက် ကောက်ယူမော့ချလိုက်မိပြီး ‘အောင်မယ်လေးဗျ’ ထအော်ပါလေတော့၏။
ပြီးတာနှင့် ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ခြေထောက်ကို အသံမြည်အောင် ဆောင့်နင်းကာ စောင်ပေစောင်ပေနှင့် ကမူးရှူးထိုး ပြန်ချသွားပါလေတော့၏ ခင်ဗျား။
“စိမ်းမောင်ကွာ တကယ့်ကောင် . . . ငါ့မှာ အမှတ်စဉ်ငါးအထိပဲ ပြောရသေးတယ်၊ ပြန်ပြေးသွားလို့ ဆန့်တငံ့ငံ့ကြီးနဲ့ ကျန်ခဲ့ရပါပြီဗျား . . . . . .”
“ဟားဟား ဟားဟား ဟားဟား . . . .”
ဖေကြီး (လေရှီး)