မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းမှာ နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂ ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီး ၉ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သံဖြူဇရပ်-ရေး ကားလမ်းမှာ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီလောက်က ကင်းချဖို့လာတဲ့ စစ်ကား ၂ စီး ဝဲခမိရွာနဲ့ ရွာသာအေးရွာကြားမှာ ကားပေါ်ကနေဆင်းပြီး ခြေလျင်ချီတက်လာတုန်း မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တရက်တည်းမှာပဲ သံဖြူဇရပ်ကနေ ရေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကား ၆ စီးပါ ယာဉ်တန်းကို ည ၇ နာရီလောက်က ရွာသာအေးရွာနဲ့ ပိန္နဲတောရွာအကြားမှာ မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထပ်မံ ချုံခိုတိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သံဖြူဇရပ်-ရေး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားနေတယ်လို့ ဒေသခံပြောက်ကျားတပ်တွေက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
သံဖြူဇရပ်-ရေး ကားလမ်းမှာ အဆိုပါ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အရပ်သား ၃ ယောက် သေဆုံးခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သံဖြူဇရပ်-ရေး ကားလမ်းမှာ သွားလာကြတဲ့ ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူမသွားလာကြဖို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။