
ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ နိုဝင်ဘာ ၂ ရက် ည ၇ နာရီလောက်က အမည်မသိအမျိုးသားသုံးယောက်က ဆိုင်ရှင်ကို ဓားနဲ့ထိုးကာ ငွေကျပ် သိန်း ၁၅၀ လောက် လုယက်သွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပန်းပဲတန်းမြို့နယ် ၁ ရပ်ကွက် ၂၆ လမ်းနဲ့ ကုန်သည်လမ်းထိပ်မှာ ဖွင့်လှစ်ထားတဲ့ ကုန်မာဆိုင်ကို ဓားကိုင်ထားသူတွေဝင်လာပြီး ဆိုင်ရှင်အပါအဝင် နှစ်ယောက်ကို ဓားနဲ့ထိုးကာ ငွေတွေရော ကားနဲ့ ဖုန်း ၃ လုံးပါ လုယက်သွားတာလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“ဆိုင်ရှင်ကို ပေါင်တွေချည်းပဲ ဓားနဲ့ထိုးတာ။ တော်သေးတယ် အသေမသတ်သွားလို့။ သိန်း ၁၅၀ ရော ကားရော ပါသွားတယ် ကြားတယ်”လို့ ပြောပါတယ်။
လုယက်ခံရဲတဲ့ဆိုင်မှာ သစ္စာကုန်မာဆိုင် ဖြစ်ပြီး ဆိုင်ရှင်ဦးမောင်မောင်ထွန်းဟာ ဓားနဲ့ ထိုးခံရတဲ့အတွက် ပြတ်ရှဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
ဓားပြတိုက်ခံရတဲ့ ငွေပမာဏအတိအကျကိုတော့ စိစစ်ဆဲဖြစ်ပြီး အိမ်စီးကား Toyota Allison ကားခဲရောင်ကိုပါ ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဖြစ်တာက ၆ နာရီ ၅၀ မှာဖြစ်တာ။ ဆိုင်ရှင်ရော အတူနေ အမျိုးသားရော ဒဏ်ရာရတယ်။ ငွေက စိစစ်နေတုန်းပဲ။ Toyota ကားလည်း ယူသွားတယ်။”
ဓားထောက်လုယက်ခံရတာနဲ့ပတ်သက်ပြီး ပန်းဘဲတန်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားပြီး တရားခံတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
နိုဝင်ဘာလ ၁ ရက် မနက်ကလည်း ပုဇွန်တောင်ဘူတာရုံမှာ ဆိုင်ခန်းခကောက်ပြီး ပြန်လာတဲ့ မီးရထားဝန်တယောက်ကို အမည်မသိအမျိုးသားတွေက သေနတ်ပြပြီး ငွေကျပ် သိန်း ၂၀ ကျော် လုယက်ခဲ့ပါတယ်။