ဧရာဝတီတိုင်း၊ အမာမြို့မှာ အောက်တိုဘာ ၃၀ ရက်က ရခိုင်ပြည်နယ်က ထွက်ခွာလာတဲ့ စက်လှေမှောက်ပြီး ရိုဟင်ဂျာ အယောက် ၆၀ ကျော် ဖမ်းဆီးခံရသလို အယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ရဲတပ်ဖွဲ့စစ်ဆေးချက်အရ ရခိုင်ပြည်နယ်က ထွက်ခွာလာတဲ့ ရိုဟင်ဂျာ အယောက် ၈၀ ကျော် ပါလာတဲ့ စက်လှေဟာ ဂတုံးလေးကျေးရွာအနီးမှာ တိမ်းမှောက်ပြီး ရိုဟင်ဂျာ ၂၀ ကျော် ပျောက်ဆုံးခဲ့တာဖြစ်ပြီး အယောက် ၆၀ ကို ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘာစက်လှေမှန်းလဲ မသိဘူး။ တွေ့နေကျစံမျိုး မဟုတ်တော့ ဒေသခံတွေက ဆက်သွယ်လာတာ၊ အဲ့တော့မှ သွားပြီးစစ်ရတာ၊ အဲ့မှာ ကျန်တဲ့ ၆၀ ကိုတွေ့ရတာ။ သူတို့ပြောသလိုဆို ၂၀ ကျော်လောက် ပျောက်နေတယ်” လို့ ပြောပါတယ်။
စက်လှေသောင်တင်ပြီး ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ အယောက် ၆၀ ထဲမှာ အမျိုးသား ၅၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ပါဝင်ပြီး ပျောက်ဆုံးနေတဲ့ ၂၀ ကျော်ကိုတော့ သူတို့ကိုယ်တိုင် အတိအကျ မသိသေးတာလို့ ဆိုပါတယ်။
စက်လှေတိမ်းမှောက် သောင်တင်ပြီး ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၆၀ ကို ကဒုံကနိရဲစခန်းမှာ ၁ ရက်ထားကာ အောက်တိုဘာ ၁ ရက်နေ့မှာ ဘိုကလေးမြို့မရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီလက်အောက်ခံ တရားရုံးကနေ လဝက ဥပဒေနဲ့ တရားစွဲပြီး ထောင်ဒဏ်ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။