သတ္တိ ဆိုတဲ့ ပါဠိစကားလုံး အဓိပ္ပာယ်က ရဲရင့်ခြင်း၊ ကြောက်ရွံ့မှုမရှိခြင်း၊ စွမ်းရည်၊ အရည်အချင်းလို့ ဆိုနိုင်ပါတယ်။ သတ္တိဆိုတဲ့ရဲရင့်ခြင်းဟာ မှန်ကန်ခြင်းနဲ့လည်း တွဲဖက် ဆက်စပ်နေပါတယ်။ မှန်ကန်မှုရှိမှ ရဲရင့်ခြင်း ဖြစ်တည်ပါတယ်။ မှန်ကန်မှုမရှိရင် မတရားမှုဘက်က ရပ်တည်မိရင် ရဲရင့်ခြင်းဆိုတဲ့ သတ္တိဟာ ပျောက်ဆုံးသွားတတ်ပါတယ်။ အမှန်တရားဘက်က ရပ်တည်ပြီး တရားမျှတမှုအတွက်ကို လိပ်ပြာလုံလုံနဲ့ မိမိလုပ်သင့်တာကို ဆောင်ရွက်တဲ့အခါ ရဲရင့်ခြင်းနဲ့အတူ သတ္တိစွမ်းရည်ကြီးမားလာကြစမြဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း “သတ္တိဆိုတာ - မကြောက်တာဟာ တကယ့်သတ္တိ မဟုတ်ဘူး။ ကြောက်လျက်နဲ့ ကိုယ် လုပ်သင့်လုပ်ထိုက်တာကိုလုပ်တာဟာ တကယ့်သတ္တိ”ပဲလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးပါတယ်။
ဒီနေရာမှာ ကြားဖြတ်လို့ စာရေးဆရာကြီး သော်တာဆွေရဲ့ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း စကားပြေ နိဒါန်းမှာ ရေးထားတာကို စာဖတ်သူတို့ ပြန်အမှတ်ရစေဖို့ ဖော်ပြလိုက်ပါတယ်။
“သတ္တိနှင့် သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သတ္တိမဲ့သူ ဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူ ဖြစ်၏။ သစ္စာကို သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိ ဆိုရာ၌ မှန်ကန်သော ကိစ္စကို ရဲဝံ့စွာ ပြုလုပ်ခြင်းသာ မဟုတ်သေး။ မကောင်းမှုကို စောင့်ထိန်းနိုင်ခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်းသည်းခံနိုင်ခြင်းတို့သည်လည်း သတ္တိမည်၏။
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တစ်ခုနှင့် တစ်ခု အမှီသဟဲ ပြုနေ၏။ ပင်ကိုမူလက မည်မျှပင် ရဲရင့်သူ ဖြစ်နေစေကာမူ မမှန်ကန်သော အမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်မိမိ ထင်လိုက်သည်နှင့်တပြိုင်နက် ထိုသူ၏ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့၏။
သူခိုး ဓားပြကို လက်ရဖမ်းခဲ့ဖူးလို့ နာမည်ကောင်းလက်မှတ်နဲ့ ဆုတော်ငွေများရခဲ့ဖူးပြီး နှစ်လုံးပြူး သေနတ်ကိုင်ရတဲ့ ရွာဆယ်ရွာကို အုပ်ချုပ်ခွင့်ရတဲ့ ရွာသူကြီး ဦးအောင်ဒွန်းဟာ မှန်ကန်မှုရှိစဉ်က အင်မတန်မှ ရဲရင့်သတ္တိရှိတယ်လို့ ကျော်ကြားသူ ဖြစ်ပါတယ်။
တစ်ည ချုပ်နှောင်ခွင့်နဲ့ ငါးကျပ်အထိ ဒဏ်ငွေတပ်နိုင်တဲ့ အာဏာရှိတဲ့အပြင် လူကောင် ကြီးမားခံ့ညားပြီး ဥပဓိရုပ်လည်းကောင်း၊ နွားထီးတစ်ကောင်ကို လက်ပြင်ရိုး လက်သီးနဲ့ထိုးပြီး လှဲနိုင်တယ်လို့ ဆိုရအောင် အားအင်ဗလလည်း ပြည့်စုံလှတယ်ဆိုတဲ့ သူကြီးဦးအောင်ဒွန်းဟာ ကိုယ့်မှာ သားမယားရှိပါလျက်နဲ့ သူများမယားကို အကွက်ဆင်လုယူခဲ့တဲ့ အမှားကျူးလွန်ပြီးတဲ့ နောက်မှာတော့ ရဲရင့်ခြင်းတွေ၊ သတ္တိတွေပျောက်ဆုံးပြီး အသက် ၆၀ ကျော် အမယ်အိုက လာရောက်စိန်ခေါ်တာကို မခံရဲဘဲ ရွာကနေ ထွက်ပြေးခဲ့ရပြီး မလှမပ ဇာတ်သိမ်းသွားခဲ့ရပါသတဲ့။
ဆရာသော်တာဆွေ ရေးပြခဲ့သလိုပါပဲ။ စစ်အာဏာရှင်ကို သစ္စာခံပြီး အမှန်တရားကို ကျောခိုင်းခဲ့တဲ့ ဖက်ဆစ်စစ်တပ်နဲ့ ရဲတွေဟာ ရဲစွမ်းသတ္တိပျောက်ဆုံးသွားပြီး မူးယစ်ဆေးဝါး စားသုံးပြီးမှ တိုက်ရဲတော့ရုံမက အလွယ်တကူ လက်နက်ချ အညံ့ခံလိုပြီး စိတ်ဓာတ်ယိမ်းယိုင် ပြိုပျက်နေတဲ့ မတိုက်ခင်က ရှုံးနေတဲ့ တပ်ပျက်ကြီးဖြစ်နေတာ အောက်တိုဘာ တလအတွင်းက အောက်ပါ စစ်ရေးသတင်းများကို ကြည့်ရင် သိနိုင်ပါတယ်။
ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းရှိတဲ့ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာ ၁၀ ရက် မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး အေအေထံကို လက်နက်ချ အလင်းဝင်ခဲ့တယ်လို့သိရပါတယ်။
စစ်အကြမ်းဖက်တပ်သားတွေ လက်နက်ချတဲ့ နောက်သတင်းတစ်ပုဒ်က အောက်တိုဘာ ၁၅ ရက်နေ့မှာ မြဝတီ ဝေါ်လေဘက် စစ်ကူသွားပို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၆ ရဲ့ နဂါးနီစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ အရာခံဗိုလ် တဦးအပါအဝင် ၁၆ ယောက် လက်နက်ချ အဖမ်းခံခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိတဲ့သတင်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာတိုက်နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ တပ်မ ၈၈ လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် ခမရ ၄၁၅ က အသက် ၂၅ နှစ်အရွယ် စစ်ကောင်စီတပ်သားတဦး အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ မိုးတား PDF ထံက သိခဲ့ရပါတယ်။
နောက်တစ်ခါ အောက်တိုဘာ ၂၆ ရက် သတင်းထဲမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ စစ်ကောင်စီတပ် ခမရ ၃၃၉ ရဲ့ ကွီလုံးတိုင်စခန်းကို KNLA ပူးပေါင်းတပ်များက အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ၁၇ ဦး လက်နက်ချ အညံ့ခံခဲ့ကြပြီး RPG များ၊ စက်လက်များ အပါအဝင် လက်နက် ၄၃ လက်နဲ့ ခဲယမ်းများစွာ ရရှိခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။
ဒူးလေးတွေ၊ လက်လုပ်သေနတ်တွေ၊ တူမီးခါးချိုးတွေလောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ လက်နက်ခဲယမ်းမီးကျောက် မပြည့်စုံတဲ့ EAOs တွေနဲ့ တိုက်ရတဲ့ ပြည်တွင်းစစ်မှာ လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူမပါဘဲ စစ်မတိုက်ရဲလောက်အောင် သတ္တိမဲ့သွားပြီ ဖြစ်ပါတယ်။
ကျင့်ဝတ်မဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အာဏာကို မတရားလုယူခဲ့တဲ့ကာလအတွင်း သတ္တိကြောင်စွာ တိုင်းရင်းသားနယ်မြေတွေ အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာ လက်နက်မဲ့ အရပ်ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါး ပြုလုပ်ခဲ့တာမို့ အရပ်သားပြည်သူ (၂၀၀) ကျော် သေဆုံးခဲ့ရသလို ပြည်သူလူထုရဲ့ နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ PVTV သတင်းမှာ ဖတ်ခဲ့ရပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြည်သူကို သစ္စာဖောက်၊ အမှန်တရားကို ကျောခိုင်း၊ မတရားမှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ စစ်အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေဟာ ရဲစွမ်းသတ္တိ ပျောက်ဆုံးသွားယုံမက အကြောက်တရားတွေ ကြီးစိုးလာတာမို့ PDF တွေ၊ EAOs တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ လွယ်လင့်တကူ အညံ့ခံ၊ လက်နက်ချ ထွက်ပြေးစပြုလာပြီ ဖြစ်ပါတယ်။
တချိန်က ပြည်သူနဲ့မတူ တိုင်းပြည်လွတ်လပ်ရေးရအောင် တိုက်ခဲ့စဥ်က ရဲစွမ်းသတ္တိ ကြီးမားခဲ့ဖူးတဲ့ တပ်မတော်ဟာ သမ္မတရူး မင်းအောင်လှိုင်တို့ စစ်အာဏာရှင်တွေလက်အောက်မှာ သမိုင်းကြောင်း ဆိုးယုတ်ပြီး ရှက်စဖွယ် ဂုဏ်သိမ်နိမ့်ကျ၊ မတိုက်ခင်က ရှုံးနေတဲ့ တပ်ပျက်ကြီး ဖြစ်သွားခဲ့ပြီမို့ မကြာခင် ပြိုလဲဇာတ်သိမ်းရမှာဖြစ်ပါကြောင်း။
မင်းကောင်းချစ်