စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့မှုကြောင့် နေအိမ်အဆောက်အဦတွေ မီးလောင်ကျွမ်းခံရတဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအပြင် ဆေးဝါးအကူအညီတွေပါ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ဒေသခံတွေထံက သိရပါတယ်။
အကူအညီလိုအပ်နေတဲ့ ကျေးရွာတွေဟာ ဗန်းမောက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ စီးမော်ကျေးရွာ၊ ကော်တာကျေးရွာနဲ့ သောင်ကြီးကျေးရွာတို့က မီးလောင်ဆုံးသွားတဲ့ ပြည်သူ ၅၇ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပရဟိတဆောင်ရွက်ပေးနေသူတယောက်က “မီးဘေးသင့်ပြည်သူတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတာဆိုတော့ ဘာပစ္စည်းမှ မသယ်ယူနိုင်ခဲ့ကြဘူး။ လောလောဆယ် အခက်အခဲ ဖြစ်နေတာကတော့ နေထိုင်စားသောက်ရေးအပြင် အဝတ်အထည်တွေ၊ ခြုံစောင်တွေနဲ့ ဆေးဝါးတွေ လိုအပ်နေတာ။ ခုနောက်ပိုင်း ကျန်းမာရေးချို့တဲ့သူတွေ များလာတော့ ဆေးဝါးတွေလည်း လိုအပ်လာတယ်။ မီးဘေးသင့်အိမ်ထောင်စု သိပ်မများပေမဲ့ ဒေသတွင်း သူဌေးတွေဆီကလည်း အလှူခံလို့ သိပ်အဆင်မပြေတော့သလို ဒေသခံပြည်သူတွေကလည်း အလုပ်အကိုင် အဆင်မပြေတာတွေကြောင့် အခက်အခဲတွေရှိနေကာ စေတနာရှင် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီလှူဒါန်းပေးစေချင်တယ်” လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်ဖွဲ့တွေ အောက်တိုဘာ ၃ ရက်က စတင်စစ်ကြောင်းထိုး လှုပ်ရှားခဲ့တာဖြစ်ပြီး အဲဒီအတောအတွင်းမှာလည်း KIA၊ PDF၊ ပကဖ အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ကလည်း ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတချို့ကို သတ်ဖြတ်ခဲ့တာတွေလည်း ရှိပါတယ်။