စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာငွေကို AD လိုင်စင်ရဘဏ်တွေမှတဆင့် လွှဲပို့ပါက အမေရိကန် တဒေါ်လာ အပေါ်မှာ မြန်မာငွေ ၃၀ ကျပ်နှုန်း အပိုထပ်ဆောင်းပေးမယ်လို့ မက်လုံးပေးထားပေမဲ့ အများစုက လက်ခံဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တဖက်တလမ်းက ရှာဖွေပေးနေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်က ချီးမြှောက်တဲ့အနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ လုပ်ခလစာ ဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ (AD) လုပ်ငန်း လိုင်စင်ရဘဏ်တွေကတဆင့် ပြည်တွင်းသို့ လွှဲပို့ဖို့အတွက် အမေရိကန် တဒေါ်လာ (ယင်းနဲ့ညီမျှတဲ့နိုင်ငံခြားငွေ) အပေါ်တွင် ၃၀ ကျပ်နှုန်းနဲ့ နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မက်လုံးပေး ဆွဲဆောင်ထားပါတယ်။
ဒီ့အတွက် အဆိုပါ ပံ့ပိုးငွေတွေကို ငွေထုတ်ယူတဲ့နေ့မှာပဲ ချက်ချင်းထည့်သွင်းပေးသွားမှာ ဖြစ်ပြီး ဒီအစီအစဉ်ကိုလည်း ဒီကနေ့ (နိုဝင်ဘာ ၁ ရက်)နေ့မှစ၍ အကျိုးသက်ရောက်စေရမည်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေ ရပေါက်ရလမ်းတွေ နည်းလာတဲ့အတွက် ပြည်ပရောက် မြန်မာတွေရဲ့ နိုင်ငံခြားလစာဝင်ငွေတွေအပေါ် ပစ်မှတ်ထားလာတာ ဖြစ်နိုင်တယ်လို့ ဘဏ္ဍာရေးနဲ့ငွေကြေးဆိုင်ရာသုတေသီ တဦးက ထောက်ပြပြောပါတယ်။
“ဒါကဗျာ အရပ်စကားနဲ့ပြောရရင် လည်ပင်းညှစ်လို့ရတဲ့ သူတွေကို လိုက်ညှစ်တာပေါ့။ ဘယ်လိုလူတွေလဲဆိုရင် ဥပမာ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာသင်္ဘောသားတွေ ရှိတယ်လေ။ ဘယ်သူကတော့ သင်္ဘောလိုက်နေတယ်ဆိုတာ ပတ်စပို့စ်ကို ကြည့်လိုက်တာနဲ့ သိတယ်။ နောက်တခါ သူတို့ကိုယ်တိုင်က တောင်းဆိုထားတာလည်း ရှိတယ်။ ဘာလဲဆိုတော့ အေဂျင်စီတွေဆီက နိုင်ငံခြားသွားတဲ့သူတွေရဲ့ စာရင်း။ ဘယ်နှယောက် သွားလဲ။ ဘယ်နိုင်ငံတွေဆီ သွားလဲ။ ဒါတွေကအစ သူတို့ လိုက်နေတာ။ အဲ့တော့ ရှင်းရှင်းပြောရရင်ဗျာ စစ်ကောင်စီဟာ နိုင်ငံခြားငွေနဲ့ပတ်သက်ပြီး ရပေါက်ရလမ်းတွေ နည်းလာလို့ ပြည်ပရောက် မြန်မာတွေရဲ့ နိုင်ငံခြားလစာဝင်ငွေတွေအပေါ် ပစ်မှတ်ထားလာတာလို့ပဲ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ အခုလို မက်လုံးပေး ဆွဲဆောင်မှုက အလုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ဆိုပါတယ်။
ပြည်ပရောက်မြန်မာတဦးက “အရင်ကတော့ ပြည်ပရောက်မြန်မာတွေဆီက တရားဝင်လမ်းကြောင်းကနေ ပြန်ပို့တဲ့ငွေက အရမ်းနည်းတယ်။ ဟွန်ဒီနဲ့ပဲ အများဆုံး သွားကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိလာလို့ ဘဏ်တွေထဲ ထည့်ပြီး လွှဲလာကြတာ ရှိတယ်။ အဲဒီတုန်းကတော့ သူတို့လုပ်အားခကို ဒေါ်လာနဲ့ထည့်လိုက်ရင် ဒီဘက်မှာ ဒေါ်လာနဲ့ ပြန်ထုတ်လို့ရတယ်။ အခုတော့ မူဝါဒတွေက ပြောင်းသွားပြီ။ ဟိုဘက်က လုပ်ခလစာကို ဒေါ်လာနဲ့ လွှဲလိုက်ပေမဲ့ ဒီဘက်မှာ ဗဟိုဘဏ်ရဲ့ official rate နဲ့ အဖြတ်ခံရပြီး ကျပ်ငွေပဲရတာ။ အဲ့တော့ တော်တော်များများက ပြန်မလွှဲကြတော့ဘူး။ အခုလဲ သိတဲ့အတိုင်းပဲ။ wave money နဲ့လွှဲတာကအစ လွတ်လွတ်လပ်လပ် လွှဲလို့ရတာမှ မဟုတ်တာ။ အနည်းဆုံး မှတ်ပုံတင်က အစ ပြရတယ်။ ဒါတွေက ငွေကြေးစီးဆင်းမှုနဲ့ပတ်သတ်ပြီး လ်ိုက်ပြီးတော့ ကျပ်နေတာလေ။ ပြီးတော့ ဘဏ်တွေမှာဆိုရင်လည်း သူတို့ သတ်မှတ်ပေးထားတဲ့ ဘဏ် ၆ ခုကိုသာ လုပ်ခွင့် ပေးထားတာ။ ဘဏ်တွေရဲ့ဝန်ဆောင်မှုကလည်း သိတဲ့အတိုင်းပဲ။ ဆိုတော့ အဆင်မပြေတာတွေက အများကြီးပါ။ ဒီတော့ ကျနော်တို့ မြင်တာက အရင်ပုံစံအတိုင်း ဟွန်ဒီလမ်းကြောင်းတွေနဲ့ပဲ လွှဲကြမယ် ထင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ဟွန်ဒီလမ်းကြောင်းမှတဆင့် ပြည်တွင်းရှိမိသားစုတွေထံ ပြန်လည်ပေးပို့တဲ့ ငွေပမာဏဟာ တနှစ်ကို ပျမ်းမျှ ကျပ် ၈၀ ဘီလီယံကျော် ရှိတယ်လို့ သုတေသီတချို့က ခန့်မှန်းတွက်ချက်ထားပါတယ်။