Home
မြန်မာသတင်း
ကွတ်ခိုင်မြို့တွင် ရာအိမ်မှူးအိမ် ဓားပြတိုက်ခံရ
DVB
·
November 1, 2022
Kut Khaing General Admin office

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၇)၊ တရုတ်စာသင်ကျောင်းလမ်းမှာ နေထိုင်တဲ့ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအားလုံ(ခ)ရှောင်ဆုံလုံ ရဲ့အိမ်ကို ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်က ဓားပြဝင်တိုက်လို့ ငွေကြေးနဲ့ လက်ဝတ်ရတနာနဲ့ ဖုန်းတွေပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရာအိမ်မှူးနေအိမ်ကို Crown အမျိုးအစား အဖြူရောင် ဆလွန်းကား ၁ စီးနဲ့ လူ ၄ ဦးက လက်နက်ကိုယ်စီနဲ့ ဝင်ရောက်လာပြီး ဓားပြတိုက်သွားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ 

“crown ​အဖြူနဲ့ ရောက်လာတယ်။ လူ ၄ ယောက် Mask တပ်ထားတယ်။ သေနတ်ဖောက်ပြီး အိမ်ထဲက ပိုက်ဆံတွေယူသွားတယ်။ ရာအိမ်မှူးရဲ့ ပစ္စတို ၁ လက်လည်း ယူသွားတယ်။”လို့ဒေသခံက ပြောပါတယ်။

ရာအိမ်မှူး အားလုံအိမ်က ၁ ပေပတ်လည် မီးခံသေတ္တာ ၁ လုံး၊ တရုတ်ငွေ ယွမ် ၂ သိန်းကျော်၊ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကျော်၊ လက်စွပ် ၁ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ ဖုန်း ၅ လုံး ပါသွားခဲ့တယ်လို့ နီးစပ်သူတွေကပြောဆိုပြီး ရာအိမ်မှူးရဲ့ ပစ္စတို ၁ လက် ပါသွားတာကိုတော့ စာရင်းဖျောက်ထားတယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။

မြို့ခံတဦးက“သေနတ်ဖောက်သံ ကြားပြီးတော့ ဒီသတင်း ထွက်လာတာပဲ။ ရပ်ကွက် (၃) မှာရှိတဲ့ တရုတ်ရာအိမ်မှူး အားလုံအိမ်ကို ကားတစ်စီးနဲ့ လူတစုရောက်လာပြီး ဓားပြတိုက်သွားတယ် ဆိုတာပဲ။ ဒီလူက ပြည်ခိုင်ဖြိုးထောက်ခံသူ သူ့အဘတွေ အာဏာသိမ်းမှ ဓားပြတိုက်ခံရတယ်” လို့ ပြောပါတယ်။

ဒီ ဓားပြတိုက်မှုကို ဘယ်သူတွေ ဘယ်အဖွဲ့အစည်းက  ကျူးလွန်တယ်ဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ကွတ်ခိုင်မြို့မပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်၊ တာမိုးညှဲပြည်သူစစ်တပ်ဖွဲ့တို့ အခြေချလှုပ်ရှားနေပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်(MNDAA)တို့လည်း စစ်ရေးလှုပ်ရှားတာတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024