ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဆောင်ကန်းရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF နှစ်ယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၃၁ ရက်မှာ မိဘဆွေမျိုးတွေ၊ တော်လှန်ရေး ရဲဘော်ရဲဘက်တွေက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ KNDF တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ ရက် တိုက်ပွဲမှာ ရဲဘော် ပီတာ (ခ) ကျော်သိန်းနဲ့ ဖယ်ခုံ PDF တပ်ရင်း ၂ က ရဲဘော်တဦး သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲ-လွိုင်ကော်လမ်းမတလျှောက် နယ်မြေထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂ (၁၀၀၆ တပ်ရင်း)၊ KNDF B -02 နဲ့ KNDF - B03 တို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အတည်ပြုလို့ မရပါဘူး။