စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ တမူး PDF တို့ တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဖက် ပစ်ခတ်မှုကြောင့် ဦးပဉ္စင်းတပါးနဲ့ ဒေသခံ တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဟူရာလမ်းမှာ PDF တွေက "ငါတို့မြို့ကို မကြာမီ သိမ်းမယ်" ဆိုတဲ့ စာလာရေးတာကနေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဘုန်းကြီးကျောင်းနား နေသူတွေက ပြောပါတယ်။
နှစ်ဖက် ပစ်ခတ်တာကြောင့် အောင်တော်မူဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း ဦးသုဒသနနဲ့ ဈေးတန်း ၁၁ ရပ်ကွက်နေ သုံးဘီးမောင်းတဲ့ ကိုအောင်သီဟတို့ ထိမှန်ခဲ့တယ်လို့ ဒဏ်ရာရသူတွေကို ဆေးရုံလိုက်ပို့ပေးသူတဦးက ပြောပါတယ်။
"ဦးပဉ္စင်းက ဘုန်းကြိးကျောင်းအပြင်မှာ ခြင်းခတ်နေရင်း လက်မှာ ကျည်ထိမှန်ခဲ့တာ။ အမျိုးသားကတော့ ကျည်နှစ်ချက် ထိမှန်ခဲ့တာ။ စိုးရိမ်ရတာကြောင့် တမူး ပြည်သူ့ဆေးရုံကနေ ကလေးမြို့ ဆေးရုံကို အရေးပေါ် ပို့လိုက်တယ်။"
စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ ပစ်ခတ်မှုကြောင့် ဦးပဉ္စင်းတပါးနဲ့ ဒေသခံအမျိုးသားတယောက် ထခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ဆုတ်ခွာသွားတဲ့ PDF တွေကို တပ်ကုန်းနဲ့ မြေနီကုန်းဘက်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မြို့တွင်း၊ မြို့ပြင်ကို ပစ်ခတ်တယ်လို့လည်း တမူးမြို့ခံက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင်တွေက အောင်တော်မူ ဘုန်းကြီးကျောင်းနားက ဘောလုံးကန်နေတဲ့ လူငယ်တချို့ကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။