စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စော်ဘွား ၅ ရပ်ကွက်ရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၂၈ ရက်က မီးလောင်မှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက " တမူး PDF အဖွဲ့ဝင်တွေ ပို့/ဆက်ရုံး မီးမလောင်ခင် အဲဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတာပါ။ မီးလောင်နေချိန် စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာ ရသူတွေတော့ မရှိဘူး။ ပို့/ဆက်ရုံး မီးလောင်အပြီးမှာ စစ်တပ်က လက်ဖက်ရည်ဆိုင်ကို မီးရှို့သွားတယ်။”လို့ ပြောပါတယ်။
လက်ဖက်ရည်ဆိုင် မီးလောင်မှုမှာတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပြီး မီးလောင်မှု ကြောင့် အိန္ဒိယရူပီး ငွေ ၂ သိန်း ကျော်နဲ့ မြန်မာငွေအနည်းငယ် မီးထဲပါသွားတယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့နီးစပ်သူ တဦးက ပြောပြပါတယ်။
တမူးမြို့ခံတဦးက "စစ်သားတွေ ဝင်ရောက် မီးရှို့ သွားတာလို့ ကြားတယ်။ ရှို့မီးပဲ ဖြစ်နိုင်တယ်။ မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်သွားတာ။” လို့ ပြောပါတယ်။
သံယောဇဉ်လက်ဖက်ရည်ဆိုင် မီးလောင်မှုကို တမူးမြို့မီးသတ်တပ်ဖွဲ့က မီးလာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ အချိန်မီ မငြှိမ်းသတ်နိုင်တာကြောင့် တဆိုင်လုံး မီးလောင်ခဲ့ပါတယ်။