စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဒေသခံပြည်သူ့ကာကွယ်ကျားသစ်နက်တပ်မတော်က NUG လက်အောက်ခံစာသင်ကျောင်း ၉ ကျောင်းကို ငွေကျပ် ၃၇ သိန်း ဒီနေ့ ထောက်ပံ့ပေးခဲ့တယ်လို့ စာသင်ကျောင်းတာဝန်ခံဆရာတွေ ပြောပါတယ်။
ထောက်ပံ့ကျေးငွေကို ကျောင်း ၅ ကျောင်းအတွက် ၅ သိန်းနှုန်းနဲ့ ကျောင်း ၄ ကျောင်းအတွက် ၃ သိန်းနှုန်း ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
“လိုအပ်ချက်တွေကတော့ အများကြီးရှိတာကို။ အခုလို ပညာရေးလှူဒါန်းပေးတဲ့ ကျားသစ်နက်အဖွဲ့ကို ကျေးဇူးအများတင်ပါတယ်။ ကျနော်တို့ ကျောင်းကတော့ အလှူငွေ ၃ သိန်းရတယ်ဗျ။ အဲဒီငွေကို ကလေးတွေရဲ့ ပညာရေးအတွက် လိုအပ်တာတွေသုံးရမယ်ဗျ။ သင်ကြားရေး သင်ထောက်ကူတွေအတွက် လိုအပ်နေတာကတော့ အများကြီးရှိနေသေးတော့ ထပ်မံလှူဒါန်းပေးကြပါဦးလို့ ပြောချင်ပါတယ်” လို ဆရာတဦးက ပြောပါတယ်။
ကျားသစ်နက်တပ်မတော် (B.L.P.A) တပ်မတော်အနေနဲ့ အဖွဲ့တည်ထောင်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ NUG စာသင်ကျောင်း ၉ ကျောင်းကို ငွေးကြေးထောက်ပံ့တာလို့ ကျားသစ်နက်တပ်မတော် (B.L.P.A) တာဝန်ရှိသူ ကိုဥက္ကာက ပြောပါတယ်။
“ကျနော်တို့ အခုလို လှူဒါန်းရတာက အနာဂတ်အတွက် ထမ်းဆောင်မဲ့ ကလေးငယ်တွေအတွက် ပညာရေးမြှင့်ဖို့ရာ လှူဒါန်းရတာပါ။ အဓိကတော့ ကျနော်တို့တပ်မတော်ရဲ့ တည်ထောင်ခြင်း တနှစ်ပြည့်စစ်ရေးပြအခမ်းအနားကို မပြုလုပ်ဘဲ ကုန်ကျမယ့်ငွေတွေကို NUG ပညာရေးကျောင်းများကို ထောက်ပံ့ပေးရတာ။"
ကျားသစ်နက်တပ်အဖွဲ့ကို NUG အစိုးရက ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်နေ့က ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ အဖြစ် တရားဝင် တပ်ရင်းကုတ်ချထားပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့အနေနဲ့လည်း တပ်ရင်း ၅ နဲ့ MOD တိုက်ရိုက်အမိန့်ပေး ချိတ်ဆက်မှုအောက်ကနေ ရပ်တည်နေတယ်လို့ သိ ရပါတယ်။