စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနက်မှာ ထန်းကုန်းတိုက်နယ်အတွင်းက ပေလည်ရွာနဲ့ သပြေသာလေးကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
မီးရှို့ခံရမှုကြောင့် ပေလည်ရွာက လူနေအိမ် ၆ လုံး၊ စပါးတိုက် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး သပြေသာရွာက ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
မီးရှို့သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်က ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
“မနက် ၇ နာရီ ၂၅ မှာ ပေလည်ရွာကို မီးရှို့တယ်၊ ၇ နာရီ ၅၀ မှာ ဘိုကုန်းကိုရောက်တယ်၊ ၉ နာရီလောက်မှာ ဘိုကုန်းကနေ သပြေသာလေးဘက်ကို ရောက်တယ်၊ သပြေသာလေးကိုလည်း မီးရှို့တယ်၊ ဘယ်လောက်ပါသွားတယ်တော့ မသိရဘူး။ ဘိုကုန်းမှာလည်း အိမ်တလုံး မီးရှို့ခဲ့သေးတယ်” လို့ ကန့်ဘလူ စစ်ဘေးရှောင်အကူအညီပေးနေသူတဦးက ပြောပါတယ်။
မီးရှို့သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်က ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက် မနက်မှာလည်း ရှမ်းတပ်ရွာက စိတ်ဝေဒနာသည် အမျိုးသားတဦးကို မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ခုခံတွန်းလှန်စစ်အတွင်း ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီ ၃ ရက်နေ့က ထောက်ပံ့ဂုဏ်ပြုငွေပေးအပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် အယောက် ၈၀ ကျော်ရှိပြီး အခုအကြိမ်မှာ ရဲဘော် ၆၁ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ကြေးပေးအပ်ခဲ့တာဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို ငွေကျပ် ၁၀ သိန်းနှုန်းနဲ့ ၆၁ ဦးအတွက် ကျပ်သိန်းပေါင်း ၆၁၀ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဟာ ထိတွေ့တိုက်ပွဲတွေ၊ လက်နက်ကြီးစမ်းသပ် မတော်တဆမှု၊ စစ်ကြောင်းကို မိုင်းထောင်ရင်း မိုင်းမတော်တဆဖြစ်တာ၊ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ စတာတွေကြောင့် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
“ဂန့်ဂေါမြို့နယ်အတွင်းမှာပဲ ကျဆုံးကြတာပါ၊ ရဲဘော် ၆၁ ယောက်စာပေးအပ်တာပါ။ MOD ကနေ ကနဦးထောက်ပံ့ငွေဆိုပြီး ထုတ်ပေးတာပါ။ မြို့နယ် ပကဖကတဆဆင့် ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ထောက်ပံ့ပေးအပ်တာပေါ့” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ကျန်ရှိတဲ့ ကျဆုံး ပကဖရဲဘော် ၂၀ ကျော်ရဲ့ စာရင်းတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြထားပြီး ထောက်ပံ့ငွေရရှိတဲ့အခါ ထပ်မံပေးအပ်သွားမယ်လို့ သိရပါတယ်။