ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၁၃ ယောက် သေဆုံးခဲ့ပြီး ၃၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး စာရင်းတွေအရ သိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လအတွင်း ယာဉ်မတော်တဆမှု ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၆ ယောက်သေဆုံးခဲ့ကာ အမျိုးသား ၂၂ ယောက်၊ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၃၅ ယောက် ထိခိုက်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။
“ယာဉ်မောင်း အိပ်ငိုက်ပြီး တိမ်းမှောက်တဲ့ ဖြစ်စဉ်တွေက များတယ်။ ဒါ့ကြောင့် အမြန်လမ်းတလျှောက်မှာ မော်တော်ယာဉ်တွေ သတ်မှတ် အရှိန်ထက်ကျော်လွန်မောင်းနှင်မှု မရှိစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ယာဉ်အရှိန် တိုင်းတာတဲ့စက်တွေ တပ်ဆင်ထားပြီး စစ်ဆေးဆောင်ရွက်နေတယ်” လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
အမြန်လမ်းမကြီးမှာ ယာဉ်တွေအတွက် အရှိန်နှုန်း သတ်မှတ်ချက်အရ ကိုယ်ပိုင်အိမ်စီးကားလေးက ၁ နာရီကို ကီလိုမီတာ ၁၀၀ အတွင်းမှာသာ မောင်းနှင်ရမှာဖြစ်ပြီး ခရီးသည်တင် Express ယာဉ်တွေက ၁ နာရီ ၉၀ ကီလိုမီတာအတွင်းနဲ့ လုပ်ငန်းသုံးလိုက် ထရပ်၊ ဟိုက်ဂျက်၊ ကုန်တင်ယာဉ် စတဲ့ ယာဉ်တွေကတော့ ၁ နာရီကို ကီလိုမီတာ ၆၀ အတွင်းမှာပဲ မောင်းနှင်ဖို့ကို သက်ဆိုင်ရာက သတ်မှတ်ထားပါတယ်။
“အဲဒီလို အရှိန်သတ်မှတ်ချက်တွေကို ကျွမ်းကျင်ပညာရှင်တွေက တွက်ချက်ပြီးတော့ ညွှန်ကြား သတ်မှတ်ထားတာလို့ သိရတယ်။ လိုက်နာရင် အန္တရာယ်ကင်းတာပေါ့။ အဲဒီအရှိန်နှုန်းအတိုင်း မောင်းနှင်ရင် အန္တရာယ်ကင်းနိုင်မှာ ဖြစ်သလို အသက်ကယ်နိုင်ဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိမှု နည်းပါးစေမှာပါ။ ယာဉ်မောင်းနေစဉ်မှာလည်း ခါးပတ်ပတ်ထားကြဖို့ကိုလည်း တိုက်တွန်းချင်တယ်” လို့ ပရဟိတ အဖွဲ့အဝင် ၁ ယောက်က ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၆ ယောက်နဲ့ ထိခိုက်ဒဏ် ရာရရှိသူ ၃၂၆ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်အတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၇ ယောက်အထိရှိခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။