တနင်္သာရီတိုင်း ထားဝယ်မြို့က ထားဝယ်အကျဥ်းထောင်မှာ ထောင်ဝင်စာ ပစ္စည်းတွေကို အောက်တိုဘာ ၃၁ ရက်ကစပြီး သတ်မှတ်စည်းကမ်းနဲ့အညီ ပြန်ပို့ခွင့်ရပြီလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက် အင်းစိန်အကျဥ်းထောင်မှာ ဗုံးပေါက်ကွဲမှုအပြီး ညနေပိုင်းမှာပဲ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ကာ ၂ ပတ် လောက်ကြာမှ ပြန်ပို့ခွင့်ရတာပါ။
အကျဥ်းထောင်ဘက်ကနေ ထောင်ဝင်စာပစ္စည်းတွေကို မနက် ၇ နာရီခွဲကနေ ၁၁ နာရီအထိနဲ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ လက်ခံမှာဖြစ်ပြီး အကျဥ်းသား/သူတွေကို ထောင်ဝင်စာ ပါဆယ်ပစ္စည်းပေးခွင့်ကို တပတ်တကြိမ်သာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။
ထောင်ဝင်စာ ပါဆယ်ပစ္စည်း လာရောက်ပေးအပ်သူတွေအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အကျဥ်းသားတွေနဲ့ ဆွေမျိုးတော်စပ်ကြောင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ ရဲစခန်း ထောက်ခံစာတို့ လိုအပ်မှာဖြစ်ပြီး ပို့မယ့်ပါဆယ်ပစ္စည်းအထုပ်တွေကိုလည်း အကျဥ်းထောင် ဝန်ထမ်းတွေရှေ့မှာ ကိုယ်တိုင်ဖွင့်ပြရမယ်လို့ သိရပါတယ်။
ထောင်ဒဏ်အမိန့် ချမှတ်ခံထားရပြီးဖြစ်တဲ့ အကျဥ်းသား/သူတွေကိုတော့ အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ ထောင်ဝင်စာ ပို့လို့ ရမှာဖြစ်ပြီး အမှုရင်ဆိုင်ဆဲ အချုပ်သား/ သူ တွေကိုတော့ အပတ်စဥ် အင်္ဂါ၊ ကြာသပတေးနေ့တွေမှာ ပို့လို့ရမှာပါ။
ဆေးဝါးတွေကိုတော့ ဆေးလက်မှတ်ထောက်ခံချက်ရှိပါက ပို့ခွင့်ရမှာဖြစ်ပြီး အကျဥ်းထောင် ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲရမယ်လို့ ဆိုပါတယ်။
အကျဥ်းထောင်ဝင်းအတွင်းကိုတော့ ထောင်ဝင်စာ ပါဆယ်ပစ္စည်းပို့မယ်သူ တဦးတည်းကိုသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး တာဝန်ကျဝန်ထမ်းတွေရဲ့ ရှာဖွေစစ်ဆေးတာကို ခံရမယ်လို့လည်း သိရပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ ထောင်ဝင်စာပို့ခွင့် ပိတ်ထားတဲ့အချိန် အကျဥ်းသားတွေအနေနဲ့ အကျဥ်းထောင်က ကျွေးတာလောက်နဲ့ စားဖို့အဆင်မပြေလို့ အခက်အခဲကြုံရတယ်လို့လည်း နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးနေတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြော ပါတယ်။